ကိုကိုအောင်ထက်နိုင်၏ အမွှာညီငယ်သည် ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ၆ လကြာသောအခါ အသက် ၂၃ နှစ်ရှိပြီဖြစ်သော ကိုကိုအောင်ထက်နိုင်သည် မိခင်ဖြစ်သူနှင့်လည်း ခွဲခွာနေရသည်။
စစ်ကောင်စီတပ်များသည် ကိုကိုအောင်ထက်နိုင်ကို ဖမ်းဆီးရန် လွန်ခဲ့သောနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်ရှိသူ၏ နေအိမ်သို့ ရောက်လာကြသည်။ သူ့ကို ရှာမတွေ့သောအခါ စစ်ကောင်စီတပ်များသည် သူ၏မိခင်ကို ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထိုနည်းလမ်းသည် စစ်ကောင်စီက ၎င်းတို့ အလိုအရှိနေသော တက်ကြွလှုပ်ရှားသူများ ၎င်းတို့ဖာသာ လာရောက်အဖမ်းခံ စေရန် ပို၍ပို၍ အသုံးပြုနေသည့် အမည်ဆိုး ကျော်ကြားလှသော နည်းလမ်းဖြစ်သည်။ သူ၏မိခင်ကို ၁၀ ရက်ကြာ ဖမ်းဆီးထားပြီးမှသာ ပြန်လွှတ်သည်။
သူ၏အမွှာညီငယ်ဖြစ်သော ညီညီအောင်ထက်နိုင် သေဆုံးပြီးနောက် ဖြစ်ပေါ်လာသည့် ကျယ်ပြန့်သော ပြည်တွင်းနှင့် နိုင်ငံတကာ အာရုံစိုက်မှုများကြောင့် သူသည် စစ်ကောင်စီက အလိုရှိသည့်စာရင်းတွင် ပါဝင်နေခြင်းဖြစ်ကြောင်း ကိုကိုအောင်ထက်နိုင်က ပြောသည်။ ပြည်သူများက သူ့အပေါ် စိတ်ဝင်စားခြင်းနှင့် ကရုဏာသက်ခြင်းကြောင့် သူ့အနေဖြင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွင် မပါဝင်နိုင်စေရေး သူ့ကိုဖမ်းဆီးရန် ကြိုးစားခြင်း ဖြစ်သည်ဟု သူယုံကြည်သည်။
သို့သော် ကိုကိုအောင်ထက်နိုင်သည် ညီညီဟု ခေါ်သည့် သူ့ညီအသက်ကို စတေးခဲ့ရသော စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် တော်လှန်ရေးတွင် ဆက်လက်ပါဝင်ရန် အဖမ်းမခံဘဲ မြန်မာနိုင်ငံမှ လွတ်မြောက်ဒေသသို့ ထွက်ပြေးခဲ့သည်။
ကိုကိုအောင်ထက်နိုင်သည် ညီညီဟု ခေါ်သည့် သူ့ညီအသက်ကို စတေးခဲ့ရသော စစ်အုပ်ချုပ်ရေးဆန့်ကျင်သည့် တော်လှန်ရေးတွင် ဆက်လက်ပါဝင်ရန် အဖမ်းမခံဘဲ မြန်မာနိုင်ငံမှ လွတ်မြောက်ဒေသသို့ ထွက်ပြေးခဲ့သည်
ထိုအမွှာညီအစ်ကိုနှစ်ဦးသည် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရန်ကုန်၌ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
မြန်မာနိုင်ငံမှစစ်အာဏာသိမ်းမှုက ကိုကိုအောင်ထက်နိုင်၏ မိသားစုဘဝကို တစစီမခြေမွှမီက သူနှင့် သူ၏ညီသည် ကောလိပ်မှ ဘွဲ့ရကာစ၊ လုပ်ငန်းခွင် စတင်ဝင်ရောက်ပြီး မိဘများကို ထောက်ပံ့နေသူများ ဖြစ်သည်။ ညီအစ်ကို ၂ ယောက်လုံးသည် ပြည်ပတွင် ကျောင်းအတူတက်ရန် ရည်မှန်းချက်များ ရှိကြသည်။ ကိုကိုအောင်ထက်နိုင်က ဗိသုကာဖြစ်ရန် ရည်မှန်းထားပြီး ညီညီကတော့ မည်သည့်ဘာသာရပ်အတွက် အထူးပြုရမည်ကို မဆုံးဖြတ်ရသေးပေ။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ထိုအမွှာညီအစ်ကိုသည် ၎င်းတို့မဲပေးခဲ့သည့် ရွေးကောက်ခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲသည် ၄င်တို့ ပထမဆုံးအကြိမ်မဲပေးရန် အသက်ပြည့်မီသည့် ရွေးကောက်ပွဲလည်း ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အမွှာညီအစ်ကို ၂ ဦးသည် ရန်ကုန်မှ ဆန္ဒပြသူများ ပုံမှန်စုဝေးရာ လှည်းတန်းလမ်းဆုံရှိ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်ရန် အိမ်မှအတူထွက်လာကြသည်။ ဆန္ဒပြပွဲစတင်ပြီးနောက် မကြာမီ စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်ပြီး ညီညီသည် ထိုပစ်ခတ်မှုတွင် သေနတ်မှန်သူများအနက် တဦးဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် နက်ဝပ်အင်ဂျင်နီယာ ညီညီသည် ဝမ်းဗိုက်တွင် ကျည်ဆံထိမှန်ပြီးနောက် သေဆုံးကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် လူ ၁,၄၈၈ ဦးအနက် တဦးဖြစ်သွားသည်။ ထိုသေဆုံးသူများအနက် အများစုသည် လူငယ်များဖြစ်သည်။
ဆန္ဒပြပွဲစတင်ပြီးနောက် မကြာမီ စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်ပြီး ညီညီသည် ထိုပစ်ခတ်မှုတွင် သေနတ်မှန်သူများအနက် တဦးဖြစ်သည်
ညီညီ၏ သေဆုံးမှုကြောင့် သူသည် စစ်ကောင်စီဆန့်ကျင်သည့် တော်လှန်ရေးတွင်ပါဝင်ခြင်းကို ရပ်တန့်မည်မဟုတ်ဘဲ ညီညီသေဆုံးမှုသည် သူ၏ဘဝကို စစ်အုပ်ချုပ်ရေး အဆုံးသတ်ရေးအတွက် မြှုပ်နှံလုပ်ကိုင်ရန်ပင် တွန်းအားဖြစ်စေကြောင်း သူပြောသည်။

“ကျနော်က လက်နက်စွဲကိုင်တဲ့ လူတယောက်တော့ ဖြစ်မလာပေမယ့် ကျနော်က တော်လှန်ရေးကို ထောက်ပံ့ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။ သူသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခုခံရေး အင်အားစုများနှင့် ၎င်းတို့ ဒေသများတွင် စစ်ကောင်စီတပ်က တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်လာသော စစ်ဘေးဒုက္ခသည် (IDP) များအတွက် ရန်ပုံငွေ ကူညီရှာဖွေပေးသည်။ ဒီဇင်ဘာလ တလတည်းတွင်ပင် သူသည် PDFs နှင့် IDPs များအတွက် ကျပ်ငွေ ၁၇ သန်း ရှာဖွေပေးခဲ့သည်။
ယခု ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အသက် ၂၃ နှစ်ရှိပြီး ဆန္ဒပြသူ ကိုကိုအောင်ထက်နိုင်က တော်လှန်ရေးအပေါ် သူ၏အမြင်နှင့် မျှော်လင့်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ငြိမ်းချမ်းစွာ ဆန္ဒပြစဉ် သတ်ဖြတ်ခံရပြီးနောက် ညီညီအောင်ထက်နိုင်၏ ဈာပနသို့ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။
ကျနော်က လက်နက်စွဲကိုင်တဲ့ လူတယောက်တော့ ဖြစ်မလာပေမယ့် ကျနော်က တော်လှန်ရေးကို ထောက်ပံ့ဖို့ ကြိုးစားမှာ ဖြစ်ပါတယ်
မေး။ ၂၀၂၂ ခုနှစ်မှာဖြစ်ချင်တဲ့ဆန္ဒက ဘာလဲ။
ဖြေ။ ၂၀၂၂ ခုနှစ်မှာ တော်လှန်ရေးအောင်ပွဲကို မြင်ချင်တယ်။ ကျနော် အိမ်ပြန်ချင်တယ်။ အိမ်ကနေ ထွက်လာခဲ့တဲ့ လူငယ်တိုင်းလည်း အလားတူ ဆန္ဒရှိတယ်။ ကျနော်တို့ကို စောင့်နေတဲ့ မိသားစုတွေ ရှိတယ်။ ချစ်ခင်သူတွေ၊ မိတ်ဆွေတွေ၊ ညီအစ်ကိုမောင်နှမတွေ ခွဲနေရတာကြာပြီ။ မိသားစုတွေ ပြန်လည် ဆုံစည်းနိုင်တဲ့ အချိန်ရောက်လာမယ်လို့ မျှော်လင့်တယ်။ ဒါကို မြန်မြန်အောင်မြင်အောင် ကျနော်တို့ ပြည်သူတွေရဲ့ အကူအညီ၊ အင်အားနဲ့ ထောက်ခံမှုလိုအပ်တယ်။
မေး။ ပြည်သူတွေအများကြီး တော်လှန်ရေးမှာပါတဲ့အတွက် စိတ်ကျေနပ်မိလား။
ဖြေ။ ပြည်သူတွေပါဝင်လို့ ကျနော်ကျေနပ်တယ်။ ကျနော့်ကို အားတက်စေတယ်။ ကျနော်တို့အားလုံးဟာ ဘာပဲဖြစ်ဖြစ် စစ်အုပ်ချုပ်ရေးကို ဘယ်တော့မှ လက်မခံဘူးဆိုတဲ့ တူညီတဲ့ဆုံးဖြတ်ချက်နဲ့ အမှန်တရားအတွက် တူညီတဲ့ လမ်းကြောင်းမှာ လျှောက်နေကြတယ်။ ဒါပေမယ့် ကျနော်တို့ သတိထားရမယ့် ကိစ္စတခုကတော့ ကျနော်တို့ကို ညီညွတ်ရေးလမ်းကြောင်းက သွေဖည်စေမယ့် သွေးကွဲစေတဲ့ စကားတွေ၊ လှုံ့ဆော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဖြန့်ချိနေတဲ့ သတင်းမှားတွေပဲ။ ကျနော်တို့ အောင်ပွဲခံမယ်လို့ လုံးဝယုံကြည်တယ်။ အဲဒီယုံကြည်ချက်နဲ့ ဒီလမ်းမှာ ကျနော်အဆုံးတိုင် ဆက်လျှောက်နေမယ်။ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တွေကနေ တော်လှန်ရေးကို ဆက်လက်ပံ့ပိုးကြပါလို့ ပြည်သူတွေကို ကျနော်တိုက်တွန်းချင်ပါတယ်။
မိသားစုတွေ ပြန်လည် ဆုံစည်းနိုင်တဲ့ အချိန်ရောက်လာမယ်လို့ မျှော်လင့်တယ်။ ဒါကို မြန်မြန်အောင်မြင်အောင် ကျနော်တို့ ပြည်သူတွေရဲ့ အကူအညီ၊ အင်အားနဲ့ ထောက်ခံမှုလိုအပ်တယ်
မေး။ တော်လှန်ရေးရဲ့ တိုးတက်မှုကို ဘယ်လိုမြင်လဲ။ ဆုံးရှုံးမှုထက် အောင်မြင်မှုက ပိုများလား။
ဖြေ။ ပေးဆပ်စွန့်လွှတ်ရတာတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ဟာ ကြီးမားတဲ့ အတိုင်းအတာအထိ အောင်မြင်မှုရတယ်လို့ ကျနော်မြင်တယ်။ စစ်အာဏာသိမ်းပြီးနောက် တနှစ်လောက်ကြာတဲ့တိုင်အောင် ပြည်သူ့အင်အားကြောင့် စစ်ကောင်စီဟာ နိုင်ငံကို မထိန်းချုပ်နိုင်ဘူး။ မြို့တိုင်းမှာ သူတို့က လက်နက် မပါရင် ဘာမှလုပ်လို့မရဘူး။ တော်လှန်ရေးမှာ အသက်ကို စတေးလိုက်ရသူတွေအတွက် သူတို့သေဆုံးရတာကို အချည်းနှီးမဖြစ်စေဖို့၊ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကြိုးစားဖို့က ကျနော်တို့တာဝန် ဖြစ်တယ်။

မေး။ အခု ကိုကိုအောင်ထက်နိုင်လုပ်နေတာတွေကို ညီညီမြင်ရင် ဘာပြောမယ်ထင်လဲ။
ဖြေ။ တော်လှန်ရေးမှာ ကျနော်ဆက်လက် ပါဝင်နေတာကို သူသိခွင့်ရရင် သူ့အစ်ကိုအတွက် သူဂုဏ်ယူမယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ နှစ်ယောက်သာ ဆက်လက်အတူတကွရှိနေရင် တခြားသူတွေလိုပဲ ကျနော်တို့ နှစ်ယောက်လုံး တော်လှန်ရေးအတွက် လုပ်နိုင်တာ လုပ်နေမယ်ဆိုတာ ကျနော်သေချာ ပြောနိုင်တယ်။ ညီလေး အသက် စွန့်လွှတ်ရတာကို သူ့အကိုက အချည်းနှီး ဖြစ်စေမှာမဟုတ်ဘူးဆိုတာကို ညီလေးသိစေချင်တယ်။
တော်လှန်ရေးမှာ ကျနော်ဆက်လက် ပါဝင်နေတာကို သူသိခွင့်ရရင် သူ့အစ်ကိုအတွက် သူဂုဏ်ယူမယ်လို့ ကျနော်ထင်တယ်
မေး။ ညီညီလိုလူငယ်တွေက ဘာကြောင့် ဆန္ဒပြလှုပ်ရှားမှုရဲ့ ဗဟိုချက်မှာပါနေတယ်လို့ထင်လဲ။
ဖြေ။ လူငယ်အများစုက ဒီတော်လှန်ရေးမှာ ပါနေတာက ကျနော်တို့အားလုံးမှာ အိပ်မက်တွေ ရှိလို့ပဲ။ မနှစ်က ဆန္ဒပြပွဲတွေမှာ ကျနော်တို့ ကြွေးကြော်ခဲ့သလိုပဲ၊ “ကျနော်တို့ဟာ လူငယ်တွေ၊ ကျနော်တို့မှာ အနာဂတ်ရှိတယ်” ဆိုတာပါပဲ။ စစ်ကောင်စီရဲ အာဏာရူးမှုကြောင့် ကျနော်တို့ မျှော်မှန်းချက်တွေ၊ အိပ်မက်တွေ အပျက်စီး မခံနိုင်ဘူး။ ကျနော်တို့ အိပ်မက်တွေနဲ့ ကျနော်တို့ ဘဝတွေကို ကျနော်တို့ ပိုင်တယ်။ ကျနော်တို့နဲ့ ထိုက်တန်တာကို ကျနော်တို့ပြန်ယူပြီး အမှန်တရားအတွက် ဆက်လက်ရပ်တည်မယ်။ လူငယ်တွေက အဲဒီလိုစိတ်ဓာတ်နဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတယ်လို့ ကျနော်ယုံကြည်တယ်။

မေး။ ဓာတ်ပုံရိုက်ပြီး ပြသလိုက်တဲ့အခါ ပြည်သူကြားမှာ ပျံ့နှံ့သွားတဲ့ ညီညီရဲ့ဓာတ်ပုံရှေ့မှာ အိပ်နေတဲ့ ကြောင်ကလေးအကြောင်း ပြောပြပေးပါ။
ဖြေ။ အဲဒါက ဖြူလေးလို့ခေါ်တဲ့ ညီညီရဲ့ကြောင်လေးပါ။ ညီညီက ညတိုင်းသူ့ကို အိပ်ယာထဲမှာ ခေါ်သိပ်တယ်။ အိမ်မှာ တခြားကြောင်တွေလည်း ရှိသေးတယ်။ ဒါပေမယ့်သူက အဲဒီကြောင် အဖြူလေးကို အချစ်ဆုံးပဲ။ ညီညီဆုံးသွားတဲ့ အခါကျတော့ ဒီကြောင်လေးက သူ့ဓာတ်ပုံရှေ့မှာ အိပ်တယ်။ သူ့ဖုန်းထဲမှာ ကြောင်ဓာတ်ပုံတွေ အများကြီး ရှိနေသေးတယ်။ ဒီကြောင်လေးက ဆက်လက်ရှင်သန်နေဆဲပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Despite Sacrifices, a Twin Brother’s Anti-regime Mission Stays Alive in Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီရဲ့ အရှိုက်ကို ထိုးလိုက်ပြန်တဲ့ တတိယအကြိမ် အသံတိတ် သပိတ်
အသက်ရှူကြပ်လာသည့် မြို့ပြ ပြည်သူများ