စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် စစ်ကောင်စီက အဆိုပြုသော်လည်း ငြင်းပယ်ခံခဲ့ရသည့် ဗိုလ်ချုပ်သန်းထွတ်သိန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ဖေဖေါ်ဝါရီ ၁ရက်က ခန့်အပ် လိုက် ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ဗိုလ်ချုပ်သန်းထွတ်သိန်းသည် စစ်ထောက်လှမ်းရေး(စရဖ)ဟု လူသိများသည့် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ ဒုတိယ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တြိဂံတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့စဉ်က သူသည် တပည့်အရင်းတဦးဖြစ်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသူဖြစ်သည်။
ထို့နောက် ရာထူးအဆင့်ဆင့်တက်ကာ ၂၀၁၆ခုနှစ် NLD အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ရာထူးဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားအဖွဲ့ ခေါင်းဆောင်အဖြစ် ဒုတိယအကြိမ် တာဝန်ပေးခြင်းခံခဲ့ရသည်။
NLD အစိုးရလက်ထက်က စင်ကာပူသံအမတ်ကြီးအဖြစ် တာဝန်ပေးထားသည့် ဦးဌေးအောင်မှာ အသက် ၆၀ ပြည့် သည့်အပြင် ၂နှစ်သက်တမ်းလည်း တိုးထားပြီး ဖြစ်သဖြင့် ထပ်မံသက်တမ်းတိုး မရသည့်အတွက် ၂၀၂၁ ခု နှစ်လယ် ပိုင်းတွင် သံအမတ်ကြီးတာဝန်မှ အနားယူခဲ့ရာ ၎င်း၏နေရာတွင် ဗိုလ်ချုပ်သန်းထွတ်သိန်း ကို ခန့်အပ်ရန် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက စင်ကာပူအစိုးရသို့ အဆိုပြုခဲ့သော်လည်း လက်မခံခဲ့ကြောင်း သံတမန်အသိုင်းအဝိုင်းမှ သိရသည်။
ထို့အတွက် ယခုအခါ ဗိုလ်ချုပ်သန်းထွတ်သိန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ထည့်သွင်း ခဲ့ခြင်းဖြစ်သည်။
You may also like these stories:
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ သမက် ဗိုလ်မှူးချုပ် သိန်းနိုင် လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခံရ