စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ မွေ့တုံရွာတွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် ရွာလုံးကျွတ်နီးပါးအား စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရ သည်။
အဆိုပါ မွေ့တုံရွာသို့ ဇန်နဝါရီလ ၃၁ ရက် ည ၇ နာရီအချိန်မှ စတင်ကာ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က ရွာရှိနေအိမ်များအား မီးရှို့ခဲ့ခြင်း ဖြစ်သည်။
မွေ့တုံရွာသားတဦးက “၃၁ ရက် ည ၇ နာရီ ဝန်းကျင်လောက်ကနေ ည ၁၂ နာရီ လောက်ထိကို လောင်တာပဲ။ အိမ် ကတော့ ရှိတာ အကုန် ပါသွားတာပဲ။ အိမ်ခြေ၂၀၀ ကျော် ပါသွားတာပဲ။ ကျနော့်အိမ်ဆို ဝင်းထရံတောင် မကျန် ဘူး။ နွားတွေလည်း သေတယ်။ ဝက်တွေလည်း သေတယ်ဗျာ။ ရှိစု မဲ့စုလေးတွေလည်း အကုန်ပြောင်သွားပြီဗျာ။ ဘာမှ မရှိ တော့ဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတာ” ဟု ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ခဲ့သည့် မွေ့တုံရွာတွင် အိမ်ခြေ ၂၅၀ ဝန်းကျင်ခန့်ရှိပြီး မီးရှို့ခဲ့ခြင်းကြောင့် အိမ်ခြေ၂၄၀ နီးပါး ပျက်စီးခဲ့ကာ ရွာသားများ အနေဖြင့် နီးစပ်ရာ ရွာများသို့ ရှောင်တိမ်း နေထိုင်နေရကြောင်း သိရ သည်။
ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “ပထမဆုံးအကြိမ် မီးရှို့ခံရတာပါ။ မီးမရှို့ခင်ကတည်းက ရွာသူရွာ သားတွေက ပတ်ဝန်းကျင် ရွာတွေကို ထွက်ပြေးကြတယ်။ မီးရှို့တာကိုမှ တအိမ်တက် တအိမ်ဆင်း ပုံစံမျိုးနဲ့ကို ရှို့တာ။ ဘာကြောင့် ပြောနိုင်တာလည်း ဆိုရင် ကျနော်တို့က ရွာရဲ့ အရှေ့ဘက်မှာ ရောက်နေလို့။ ရွာမှာ PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှို့တာဗျ။ ဘာမှတိုက်ပွဲ မရှိပါဘူး။ အနီးအနား ရွာတွေမှာလည်း တိုက်ပွဲ မရှိပါဘူး” ဟု ပြောသည်။
ယင်းသို့ မီးလောင်မှုကြောင့် မွေ့တုံရွာမှ ရွာသူရွာသား ထောင်ဂဏန်း နီးပါးသည် အိုးအိမ်မဲ့ ဖြစ်သွားကြသည့်အပြင် ၎င်းတို့၏ အဓိက အသက်မွေးဝမ်းကြောင်း ဖြစ်သည့် ကြက်သွန်စိုက်ခင်းများအတွက် ရေသွင်းစက်များ၊ အစေ့အဆံ များနှင့ မွေးမြူထားသည့် ကြက်၊ နွား၊ ဝက်တို့လည်း အိမ်များနှင့်အတူ မီးလောင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
မွေ့တုံရွာမှ မီးလောင် ပျက်စီးသွားသည့် အိမ်ပိုင်ရှင်တဦးက “ကိုယ်ပိုင်ဆိုင်သမျှတွေ မရှိတော့တဲ့ အခါကျတော့ ကျနော်တို့ အလှည့်လည်း တနေ့နေ့ ပြန်ရောက်လာပါစေလို့လည်း ဆုတောင်းနေရပါတယ်။ အခုကတော့ ဘာ ဆက်လုပ်လို့ လုပ်ရမယ်ကို စဉ်းကို စဉ်းစားမရသေးဘူး။ ရွာကလူတွေလည်း ပြာပုံတွေထဲက ရှိစုမဲ့စု သုံးရမယ့်ဟာ လေးတွေကို ကြောက်ကြောက်လန့်လန့်နဲ့ ရှင်းနေရတာပါပဲ။ ဘာမှစဉ်းစားလို့ မရသေးပါဘူး။ ပြောချင်တာတော့ ဒါမျိုးတွေကို ကျနော်တို့ မမြင်ချင် မကြားချင်တော့ဘူး” ဟု ပြောသည်။
မွေ့တုံရွာသည် မြိုင်မြို့နှင့် ပုလဲမြို့နယ် နှစ်ခုကြား ဖြတ်စီးဆင်းနေသည့် နာမည်ကျော် ယမားချောင်းကြီး၏ မြောက် ဘက် ကမ်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်သည်။
စစ်ကောင်စီ တပ်ဖွဲ့များမှ အဆိုပါ မွေ့တုံရွာအား ဇန်နဝါရီ ၃၁ ရက် ည ၇နာရီဝန်းကျင်မှ ည ၁၁ နာရီဝန်းကျင်ထိ မီးရှို့ပြီးနောက် ယင်းရွာနှင့် တမိုင်ခန့်သာ ဝေးကွာသည့် ပန်းရွာသို့ သွားရောက်၍ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိပြီး စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ဆုံးရှုံးသွားပြီး သည့်နောက် ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံတချို့က ဆိုသည်။
စစ်ကောင်စီ၏ ပုလဲမြို့နယ် အနောက်ခြမ်း မွှေနှောက် မီးရှို့မှုများကြောင့် မွေ့တုံ၊ ပန်းရွာ၊ မင်းရွာ၊ ကန်ပေါက်၊ တနယ် ကျေးရွာဆိုသည့် ရွာပေါင်း ၅ ရွာမှ ရွာသားများ တိမ်းရှောင် ထွက်ပြေးနေရကြောင်း သိရသည်။
You may also like these stories:
ဂန့်ဂေါမှာ စစ်ကောင်စီတပ်၏ သောင်းကျန်းမှုများ
ပခုက္ကူခရိုင်ရှိ လက်ယက်ရေနံတွင်းများ စစ်ကောင်စီ မီးရှို့ဖျက်ဆီး
ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ