ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ထဲရှိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်စွဲထားသော တပ်စခန်းတခုကို ကချင် လွတ်လပ်ရေးတပ် (KIA) နှင့် ပူတာအိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Putao) တို့ ပူးပေါင်း တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA နှင့် PDF Putao တို့ထံက သိရသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ကြား ဆွမ်ပီယန်ရွာအနီးရှိ စစ်ကောင်စီ တပ်စခန်းကို KIA တပ် မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ မှ တပ်ဖွဲ့ဝင်များနှင့် PDF Putao မှ တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ဆွမ်ပီယန်မှာ တိုက်ပွဲဖြစ်ပြီး တပ်စခန်း သိမ်းတာကတော့ ဟုတ်ပါတယ်။ နောက်တခု ရှိတာက စစ်ကောင်စီဘက်က တချို့ တွေလည်း ထွက်ပြေးသွားတာပေါ့။ ပြီးတော့ စခန်းနဲ့ အိမ်ခြေ အဆောက်အအုံတွေကိုတော့ မီးရှို့ပစ်လိုက်တယ် ကြား ပါတယ်။ လက်နက်ခဲယမ်းတွေကလည်း အနည်းအကျဉ်းတော့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

PDF Putao ဘက်ကမူ ဆွမ်ပီယန်စခန်းကို နံနက် ၁၀ နာရီခွဲတွင် KIA နှင့် PDF ပူးပေါင်းတပ်များ သိမ်းပိုက် ရရှိခဲ့ပြီး စစ် ကောင်စီ၏ လက်နက်ခဲယမ်း တချို့လည်း ရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် ၎င်းတို့၏ Facebook မှ တဆင့် သတင်းထုတ်ပြန်သည်။
PDF Putao က ထုတ်ပြန်ထားသည့် ဓာတ်ပုံများထဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် MA ချေမှုန်းရေး ရိုင်ဖယ်များ၊ အီနာဂါဗုံးသီးများ၊ ကျည်အိမ်များနှင့် ကျည်ကာ အင်္ကျီအချို့ကို KIA နှင့် PDF တပ်ဖွဲ့ဝင်များ သိမ်းဆည်းနေ သည်ကို တွေ့ရသည်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး အရှင်ဖမ်းမိကြောင်း PDF ပူတာအိုက ထုတ်ပြန်ထားသော်လည်း KIA ဘက်က အတည် မပြုပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်ကလည်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်နှင့် ဆွမ်ပီယန်ရွာအကြားတွင် စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်အား KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်လည်း ရှိသည်။
ဆွမ်ပီယန်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဆွမ်ပီယန်ရွာမြောက်ဘက် လုံရှာယာန်ရွာရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF Putao ၏ ထုတ်ပြန်ချက်အရ သိရသည်။
KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း လုံရှာယန်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လူမရှိသည့် စစ်ကောင် စီ စခန်းကို KIA နှင့် PDF များ မီးရှို့ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“လုံရှာယန်က သပ်သပ်၊ ဆွန်ပီယန်ကသပ်သပ် လုံရှာယန်က ပူတာအိုနဲ့ ပိုနီးသွားတယ်။ ဆွန်ပီယန်ကနေ မြောက် ဘက် ကို ဆက်တက်သွားရင် လုံရှာယန်ကို ရောက်တာပေါ့။ လုံရှာယန်ကနေ ဆက်တက်သွားရင် ပူတာအို ရောက်တာပေါ့။ စခန်းဟောင်းတွေကို မီးရှို့တာ ထင်တယ်။ လုံရှာယန်မှာ တိုက်ပွဲ ဖြစ်တယ်တော့ မကြားပါဘူး” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းမှု ၁ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် KIA တပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၌ သာမက ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ကောင်စီ၏ အမှတ် ၂၄၁ ခြေလျင်တပ်ရင်းအား သွား ရောက် တိုက်ခိုက်ခဲ့သည်လည်း ရှိသည်။
KIA တပ်မဟာ ၈ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့ သည် နံနက် ၇ နာရီ ဝန်းကျင်တွင် ဗုံးပစ်လောင်ချာဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
KIA ဘက်က ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခဲ့သဖြင့် ကွတ်ခိုင်မြို့အခြေစိုက် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းမှ အသင်းသားတဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရခဲ့ကြောင်း ကွတ်ခိုင်မြို့ ဒေသခံ တဦးက ပြောသည်။
“တိုက်ပွဲ ဖြစ်တာတော့ ကြီးကြီးမားမားရယ်တော့ မဟုတ်ဘူး။ လက်နက်ကြီးနဲ့ တပ်ထဲကို လှမ်းပစ် ထည့်လိုက်တာ။ ဟိုကလည်း လာတဲ့ဘက်ကို ပြန်ပစ်တော့ သစ်တောဘက် ကျတယ်။ အဲဒီနားက ကားလမ်းဘေးမှာရှိတဲ့ အရပ်ဘက် အဖွဲ့တွေရဲ့ ရုံးတွေ ထိတယ်။ အိမ်တွေ ထိတယ်။ မှန်တွေ ကွဲတာပေါ့ဗျာ။ လက်နက်ကြီးကျတဲ့ အရှိန်နဲ့ဆိုတော့လေ။ အ.မ.က (၅) ကိုလည်း လက်နက်ကြီး ကျပါတယ်။ အဲဒီနားက ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်းက လူတယောက် ခြေ ထောက် နည်းနည်း ထိတာတော့ ရှိတယ်ပေါ့” ဟု ၎င်းက ဆိုသည်။
ထိုသို့ စစ်ကောင်စီဘက်မှ ပြန်လည် တုံ့ပြန်ပစ်ခဲ့သည့် လက်နက်ကြီးကျည်များမှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၁ နှင့် ရပ်ကွက်၂ သို့ ကျရောက်သဖြင့် လူနေအိမ်တချို့ ပျက်စီးမှုများရှိပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ရပ်ကွက် နေထိုင်သူများထံက သိရသည်။
You may also like these stories:
ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး
ဂန့်ဂေါမှာ စစ်ကောင်စီတပ်၏ သောင်းကျန်းမှုများ
ကယားစစ်ရှောင်များ၏ နေအိမ်များကို အာဏာသိမ်းတပ် ဖောက်ထွင်းခိုးယူ