လွန်ခဲ့သော တနှစ်က စစ်အာဏာသ်ိမ်းပြီးနောက် ကြီးထွားလာသည့် မတည်ငြိမ်မှုကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အရှေ့တောင်အာရှအပါအဝင် အခြားဒေသများ၌ မှောင်ခိုတင်ပို့မှု တိုးလာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး (UNODC) အဆင့်မြင့်အရာရှိတဦးက Reuters သတင်းဌာနသို့ ပြောသည်။
လွန်ခဲ့သောလအတွင်း လာအို၊ ထိုင်းနှင့် မြန်မာမှ အာဏာပိုင်များသည် မက်သာဖက်တမင်း စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၉၀ နှင့် မက်သာဖက်တမင်းပုံဆောင်ခဲအနည်းဆုံး ၄.၄ တန်ကိုဖမ်းမိပြီး ထိုမူးယစ်ဆေး အများစုကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်နယ်စပ်တွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း UNDOC ကပြောသည်။
“မက်သာဖက်တမင်းထုတ်လုပ်မှုက မြန်မာနိုင်ငံမြောက်ပိုင်းမှာ အရမ်းများနေရာကနေ လွန်ခဲ့တဲ့နှစ်အတွင်းမျာ ပိုတောင်တိုးလာပြီး နှေးကွေးသွားဖို့အလားအလာလည်းမရှိဘူး” ဟု အရှေ့တောင်အာရှဆိုင်ရာ UNDOC ရုံးမှ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ဂလပ်စ်က ပြောသည်။
“မူးယစ်ဆေးဝါးနဲ့ ပဋိပက္ခက မြန်မာမှာ ခွဲခြားလို့မရဘူး။ တခုက တခုကို အားပေးနေတယ်” ဟု သူပြောပြီး “ဖရိုဖရဲအခြေအနေနဲ့မတည်ငြိမ်မှုက မူးယစ်မှောင်ခိုတွေအတွက် အလုပ်ဖြစ်စေတယ်” ဟုလည်း သူပြောသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေးအကျပ်အတည်းဖြစ်နေပြီး ကာလတိုနှင့်ကာလလတ်အတွင်း ရှမ်းပြည်နယ်မှ လယ်သမားများသည် ဘိန်းစိုက်ပျိုးခြင်းကို ပြန်လည်ပြုလုပ်ရန်မှအပ အခြားရွေးစရာမရှိတော့ကြောင်း ဒေါက်ဂလပ်စ် ပြောသည်။
မြန်မာနိုင်ငံမှထုတ်လုပ်သော တရားမဝင်မူးယစ်ဆေးများအတွက် အစဉ်အလာလမ်းကြောင်းဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မက်သာဖက်တမင်း ဖမ်းဆီးရရှိမှုသည် လွန်ခဲ့သော ၁၂ လအတွင်း ၃၆၁ သန်းသာရှိရာမှ ၂၀၂၀ ခုနှစ်အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ် အတွင်း ၅၂၀ သန်းရှိလာကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) ၏ စာရင်းများအရ သိရသည်။
မက်သာဖက်တမင်း ပုံဆောင်ခဲ ဖမ်းဆီးရရှိမှုသည် ၂၀၂၀ ခုနှစ်ကထက် ၂၂ ရာခိုင်နှုန်း ကျဆင်းပြီး ၂၁.၆ တန်သာ ရှိသော်လည်း ၂၀၁၉ ခုနှစ်က အာဏာပိုင်များ ဖမ်းဆီးမိသည့် ၁၈.၂ တန်ထက် သိသိသာသာ ပိုမိုများပြားနေသည်။
မြန်မာ၊ ထိုင်းနှင့် လာအို ပိုင်နက်များပါသော ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အာရှရာဇဝတ်ဂိုဏ်းများနှင့် မြန်မာနိုင်ငံမှ လူမျိုးစုလက်နက်ကိုင်များ၏ အချို့အစိတ်အပိုင်းများ ပူးပေါင်း လုပ်ကိုင်နေသည်။ ၎င်းတို့ ထုတ်လုပ်သည့် တရားမဝင် မူးယစ်ဆေးများသည် အာရှပိစိဖိတ်ဒေသတွင်လွှမ်းမိုးနေကြောင်း UNODC ကပြောသည်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများအကြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွင် ပါဝင်ပတ်သက်သော အချို့တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများသည် ၎င်းတို့၏ နယ်မြေများကို ချဲ့ထွင်ခဲ့ကြောင်း သုတေသီများနှင့် အရာရှိများက Reuters သတင်းဌာနသို့ပြောသည်။
မကြာသေးမီလများအတွင်း ရှမ်းပြည်မြောက်ပိုင်းမှ ကျယ်ပြန့်သော ဒေသများကို ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံမှလက်နက်တပ်ဆင်မှုအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ပိုမိုသေးငယ်သည့်မဟာမိတ် လက်နက်ကိုင်များနှင့်အတူ တောင်ပ်ိုင်းသို့ တပ်များကို ရွှေ့ပြောင်းလာပြီး ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှု တိုးချဲ့လာကြောင်း ထိုကိစ္စများကို သိရှိသည့် သတင်းရင်းမြစ် ၃ ခုကပြောကြောင်း Reuters သတင်းက ဆိုသည်။
အခြားလက်နက်ကိုင်အဖွဲများလည်း မူးယစ်ဆေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေကြသော်လည်း UWSA က ထိန်းချုပ်ထားသောပိုင်နက်ကို တရားမဝင်မူးယစ်ဆေးထုတ်လုပ်ရန် သုံးနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ကြောင်း ဒေါက်ဂလပ်စ်ပြောသည်။
ကိုးကား။ ။ Reuters ၏ Drug trafficking surging in year since Myanmar coup
You may also like these stories:
လာအို ဖမ်းမိသော မူးယစ်ဆေးများ အာရှတွင် အများဆုံး
စစ်အာဏာသိမ်းမှုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသာ အမြတ်ထွက်သည်
ဦးကိုနီ လုပ်ကြံမှု၌ အဓိက တာဝန်ရှိသော်လည်း ရာထူးတိုးကာ ရဲမှူးချုပ် ဖြစ်လာသူ ဝင်းမင်းသိန်း
ဖမ်းဆီးထားသည့် တရုတ်ကျောက်ကုန်သည်များကို စစ်ကောင်စီ ပြန်လွှတ်