နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသည့်အတွက် ယနေ့ရုံးချိန်းအား တက်ရောက်နိုင်ခြင်းမရှိဘဲ ခွင့်တင်ခဲ့ရကြောင်း နေပြည်တော် အထူးသီးသန့်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “အန်တီ(ဒေါ်အောင်ဆန်းစုကြည်) ဆေးခွင့်တင်လို့ ဒီနေ့ ရက်ချိန်းပဲယူရတယ်၊ အမှု မစစ်ဖြစ်ဘူး၊ ပင်ပန်းပြီး သွေးပေါင်ကျတာမျိုး လောက်ပဲ နေမှာပါပဲ၊ သိပ်ပြီးတော့ ကြီးကြီးမားမားတော့ မဟုတ်လောက်ပါဘူး” ဟု ပြောသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်နှင့်အတူ တရားစွဲခံထားရ သည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုအား စစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားခြင်းဖြစ်သော်လည်း အမှုတွင် ပါဝင်သူ အချို့ ရုံးတက်နိုင်ခြင်းမရှိသည့်အတွက် နောက်တပတ်သို့ ပြန်လည်ချိန်းဆိုခဲ့ရသည်။
အဆိုပါအမှုတွင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း အမှုတွဲ အဖြစ် တရားစွဲခံထားရသည်။
၎င်းတို့ထဲမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးစိုးဝင်းနှင့် ဦးကျော်ဝင်တို့မှာလည်း ကျန်းမာရေးအရ ဆေးရုံ တက်ကုသနေရကြောင်း သိရပြီး ယနေ့ရုံးချိန်းတွင် ပါမောက္ခရှောင်တာနယ်နှင့် ဦးဆက်အောင်တို့ နှစ်ဦးသာ တက်ရောက်နိုင်ခဲ့သည်။
အခြားသော သတင်းအရင်းအမြစ်အချို့၏ ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခေါင်းမူးကာ အန်ချင်နေသည့် အတွက် အနားယူရန်ဆေးခွင့်တင်ခြင်းဖြစ်ပြီး ဦးကျော်ဝင်မှာလည်း ကျန်းမာရေးအရ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နေသည့်အတွက် ဆေးရုံးတက် ရောက်နေရခြင်းဖြစ်ကြောင်း သိရသည်။
ဦးစိုးဝင်းအနေဖြင့်မူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ကတည်းက နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံတွင်တက်ရောက်ကာ ကင်ဆာရောဂါဝေဒ နာအား ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ဆေးရုံးတွင် ဆက်လက်ကုသမှုခံယူနေရခြင်းဖြစ်သည့်အတွက် စစ်ကောင်စီဘက်က ပြီးခဲ့သည့်ရုံးချိန်း တွင် အာမခံပေးခဲ့သည်။
၎င်းတို့အမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ဖမ်းဆီးခံထားရသည့် ပါမောက္ခ ရှောင်တာနယ်၏ လက်ပ်တော့ကွန်ပျူတာအတွင်းမှ တွေ့ရှိသည့် စာရွက်စာတမ်းအချို့နှင့် ပတ်သက်ပြီး တရားစွဲခံထားရခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။
ယင်းအပြင် ပါမောက္ခရှောင်တာနယ်အား ဗီဇာစည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်လည်း သီးခြားတရားစွဲဆိုထားသည်။
ပါမောက္ခရှောင်တာနယ် ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ တနှစ်ရှိပြီဖြစ်သည့်အတွက် ၎င်း၏ဇနီးဖြစ်သူက ရှောင်တာနယ်အား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး တရားရင်ဆိုင်မှုအမြန်အဆုံးသတ်ကာ အပြစ်မရှိကြောင်း သက်သေပြဖို့အခွင့်အရေးရှိနေသည့်အတွက် မကြာခင် မိသားစုနှင့် ပြန်လည်ဆုံဆည်းနိုင်မည်ဟု မျှော်လင့်ကြောင်း ယမန်နေ့က ABC သတင်းဌာနကတဆင့်ပြောထားသည်။