ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းမပေါ်ရှိ နာမည်ကြီး Savoy ဟိုတယ်သည် ငှားရမ်းမှု စာချုပ်သက်တမ်း ပြည့်သွား ၍ အပြီးပိတ်သိမ်းတော့ မည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ယင်းဟိုတယ်က ထုတ်ပြန်ကြေညာသည်။
ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် အဆိုပါ ဟိုတယ်သည် ၁၉၉၅ ခုနှစ်ကတည်းက စတင်ဖွင့် လှစ်ခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် ၂၇ နှစ်ခန့် ရှိပြီဖြစ်ပြီး ဥရောပနှင့် အနောက်နိုင်ငံမှ ခရီးသွားဧည့်သည်များကို အဓိက ဝန်ဆောင်မှုပေးသည့် အထင်ကရ ဟိုတယ်တခု ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ကူးစက်ပြန့်နှံခဲ့သော ၂၀၂၀ ခုနှစ်ကတည်းက မြန်မာ့ဟိုတယ်နှင့် ခရီးသွားကဏ္ဍသည် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ရပ်တန့်ခဲ့ပြီး ယခုတွင်လည်း စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အခြေအနေ များကြောင့် ခရီးသွား ပြန်လည်ဝင်ရောက်နိုင်မှုသည် နှစ်အတန် ကြာမြင့်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ဟိုတယ်များ ပိတ်သိမ်း လာခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုက နိုင်ငံခြားသား ခရီးသွားတွေ အဓိက ဝန်ဆောင်မှုပေးတဲ့ ဟိုတယ်တွေက အကုန်ထိတာပေါ့။ ရှေ့အလား အလာကလည်း ဘာမှန်းမသိဘူးလေ။ အဲဒီတော့ ဆက်ပြီး မတောင့်ခံနေတော့ဘဲ အပြီးပိတ်ကြတာပေါ့” ဟု ဆိုသည်။
ဟိုတယ်လုပ်ငန်းများသည် ခရီးသွား ဝင်ရောက်မှု မရှိသဖြင့် ဝင်ငွေမရှိသော်လည်း ဟိုတယ် အသုံးအဆောင်များနှင့် ပစ္စည်များ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် လုပ်ငန်းကို ဆက်လက် လည်ပတ်နေရန် လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် ဟိုတယ်လုပ်ငန်း အများစုသည် ပြုပြင်ထိန်းသိမ်းနေရသည့် စရိတ်နှင့် လုပ်ငန်းပတ်လည်နေမှု ကုန်ကျစရိတ်ဒဏ်သည် ဝန် ထုပ်ဝန်ပိုး ဖြစ်လာနေပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ပြီးခဲ့သည့် ၂၀၂၁ အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုကြောင့် ရန်ကုန်မြို့လယ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် အပါအဝင် ဟိုတယ် ၁၀၀၀ ကျော် ယာယီ ပိတ်သိမ်းထားရကြောင်း စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
အဆိုပါ အရေအတွက်သည် မြန်မာနိုင်ငံတဝန်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း၏ ထက်ဝက်ခန့်ရှိပြီး ယခုနှစ်အတွင်း တွင်လည်း ယာယီနှင့် အပြီးပိတ်သိမ်းလာသည့် ဟိုတယ်များ ထပ်မံရှိလာသော်လည်း အရေအတွက် အတိအကျကိုမူ မသိရသေးပေ။
ပြီးခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နှစ်ကုန်ပိုင်းအထိ ယာယီပိတ်ထားခဲ့သော ဆူးလေရှန်ဂရီလာဟိုတယ်သည် လက်ရှိအချိန်အထိ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသလို နေပြည်တော်ရှိ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Kempinski ဟိုတယ်သည်လည်း ၂၀၂၁ အောက်တိုဘာလအတွင်း၌ ၎င်းတို့၏ ဟိုတယ်လုပ်ငန်းကို ရပ်နားလိုက်သည်။
လက်ရှိ အခြေအနေများအရ ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းကျော်သည် ရပ်နားထားရပြီ ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အသိုင်းအဝိုင်းထံမှ သိရသည်။
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ အခန်းပေါင်း ၂၀၀ ကျော်ရှိသည့် အဆင့်မြင့်ဟိုတယ်ကြီး တခုသည်လည်း ဟိုတယ် သာ ဖွင့်လှစ်ထားသော်လည်း ဧည့်သည်ဝင်ရောက်မှုမှာ အခန်း ၁၀ ခန်းဝန်းကျင်သာ ရှိကြောင်း ယင်းဟိုတယ်တွင် အလုပ် လုပ်ကိုင်နေသည့် ဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
“ဟိုတယ်ရဲ့ ဘားကောင်တာဆို ပိတ်ထားတာ တော်တော်ကြာပြီ။ အခုအထိ ပြန်မဖွင့်နိုင်သေးဘူး။ လာတည်းတဲ့ ဧည့်သည်က တော်တော်နည်းသွားပြီ။ အခု ဧည့်သည်တွေကလည်း Long Stay နေတဲ့ သူတွေပဲ ရှိတာ” ဟု ဆိုသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ ရရှိသော ဝင်ငွေသည် ၂၀၁၉ တနှစ်အတွင်း၌ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံအထိရှိပြီး ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော်သာ ဝင်ငွေရှိခဲ့ပြီး ၈၀ ရာခိုင်နှုန်းကျော်အထိ ဝင်ငွေကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ ၂၀၂၀ စစ်တမ်းအရ သိရသည်။
၂၀၂၁ ၏ အချက်အလက်များ မထွက်ရှိသေးသော်လည်း ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အခြေအနေများကြောင့် ၂၀၂၁ အတွင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများမှ ရရှိသော ဝင်ငွေမှာ ပိုမို ကျဆင်းသွား နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များက သုံးသပ်သည်။