မဲစာရင်း အကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ယူခဲ့သော ပြည်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား မဲစာရင်းမှားယွင်းမှုတွင် တာဝန်ရှိသည် ဟုဆိုကာ တရားစွဲ ပြစ်ဒဏ်များ ချမှတ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ကော်မရှင်အဖွဲ့ခွဲများတွင် ပါဝင်ခဲ့သည့် အရပ်သားများအား ပြစ်မှတ်ထားကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် ယနေ့ တွင် တောင်ကြီးခရိုင် ကော်မရှင်အဖွဲ့ဝင် ၆ ဦးနှင့် တောင်ကြီးမြို့နယ် ကော်မရှင်အဖွဲ့ဝင် ၆ ဦးတို့အား ငွေဒဏ် ကျပ် ၁၀,၀၀၀ စီ ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။
“မဲစာရင်းတွေ မှားယွင်းတာ တာဝန်ရှိတယ်ဆိုပြီး စွပ်စွဲတာပေါ့။ ဒီတော့ သံသရာရှည်နေရင် လူပင်ပန်းတယ်။ ငွေကုန်ကြေး ကျလည်း များတယ်ဆိုပြီးတော့ တာဝန်ရှိပါတယ်ဆိုပြီး ပြောလိုက်ကြတာပေါ့။ အဲဒီတော့ ငွေဒဏ် တသောင်းစီပဲ ပေးဆောင်ဖို့ အမိန့်ချပါတယ်” ဟု တောင်ကြီးမြို့နယ်တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ယင်းသို့ ကော်မရှင်အဖွဲ့ဝင်များအား တရားစွဲဆိုရန် စစ်ကောင်စီ လက်အောက်ခံ UEC က တိုက်ရိုက် ညွှန်ကြားထားခြင်း ဖြစ်ပြီး တရားလိုဖြစ်သူ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် တရားလိုပြသက်သေ တဦးသာ စစ်ဆေးကာ အမိန့်ချခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော် တရားလိုလုပ်ကာ တရားစွဲဆိုနေသည့် အတွင်းရေးမှူးများသည် အုပ်ချုပ်ရေးပိုင်းက ခန့်အပ်သူများဖြစ်ကြောင်း၊ မဲစာရင်းများ ပြုစုစဉ်က ၎င်းတို့ကိုယ်တိုင်လည်း ကော်မရှင်အဖွဲ့တွင် ပါဝင်ခဲ့သည်အတွက် ယခုကဲ့သို့ တရားစွဲဆိုစေခြင်းမှာ နည်း လမ်းမကျကြောင်း ကော်မရှင်အဖွဲ့ဝင် အချို့က ဝေဖန်ပြောဆိုသည်။
ထို့ပြင် မဲစာရင်းများ ကောက်ယူပြုစုရာတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများအား တစုံတရာ အရေးယူခြင်း မရှိဘဲ ကော်မရှင်အဖွဲ့ဝင်များကိုသာ တရားစွဲဆိုခြင်းမှာ လည်း မေးခွန်းထုတ်စရာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကော်မရှင်အဖွဲ့ဝင်များအား တရားစွဲဆိုခြင်းမှာ စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီး မကြာခင်ကလည်း ကော်မရှင်အဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် ပြန်လည် လွှတ်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
“အခု စွဲတာလည်း အဖွဲ့ခွဲတွေမှာပါတဲ့ အရပ်သား ၆ ဦးကိုပဲ စွဲတာ။ ထွေအုပ်၊ လဝကနဲ့ အဓိက အခြေခံပြုစုပြီး လုပ်တာကို ပဲ ကော်မရှင်က မဲစာရင်း သွင်းရတာပဲလေ။ ကော်မရှင်အနေနဲ့ တာဝန်မရှိဘူးလား ဆိုတော့ ရှိတာတော့ ရှိပါတယ်။ ဒါပေမဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲရလောက်အောင် ကျနော်တို့က ကြံစည်လုပ်ဆောင်ခဲ့ကြတာမှ မဟုတ်တာ။ ဒါက မလုပ်သင့်ဘူး” ဟု စစ်ကိုင်းတိုင်းအတွင်းမှ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောသည်။
လက်ရှိ စစ်ကိုင်းတိုင်း အတွင်း၌လည်း ကော်မရှင်အဖွဲ့ဝင်များအပေါ် တရားစွဲဆိုမှုများအား ခရိုင်၊ မြို့နယ် အများစုတွင် ငွေ ဒဏ်ပြစ်ဒဏ်များ ချမှတ်ပြီးဖြစ်သော်လည်း လူထုခုခံတိုက်ခိုက်မှုများ ပြင်းထန်နေသည့် ခရိုင်၊ မြို့နယ်အချို့တွင် တရားစွဲ ထားမှုများမှာ မပြီးပြတ်သေးကြောင်း စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းပုံအနေဖြင့် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့် ကော်မရှင်အဖွဲ့တခုလျှင် အဖွဲ့ဝင် ၁၆ ဦး ပါဝင်ပြီး ၎င်းတို့အနက် အရပ်သားအဖွဲ့ဝင် ၆ ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ၁၀ ဦး ပါဝင်ကာ ဖွဲ့စည်း ထားခြင်းဖြစ်ပြီး တရားစွဲဆိုမှုများသည် အရပ်သားအဖွဲ့ဝင်များကိုသာ စွဲဆိုခြင်း ဖြစ်သည်။
“စေတနာနဲ့ လုပ်ခဲ့ကြတဲ့သူတွေကို ဒီလိုလုပ်တာ မလုပ်သင့်ဘူး။ ကျနော်တို့လည်း အငြိမ်းစားတွေပဲ များတယ်။ ပါမောက္ခ တွေ၊ တရားသူကြီးအငြိမ်းစားတွေ ပါတယ်။ တသက်လုံး အမည်းစက် မရှိအောင် နေခဲ့တဲ့သူတွေ၊ ဂုဏ်သိက္ခာနဲ့ နေခဲ့တဲ့သူ တွေပါ။ ဒီလိုလုပ်လို့ တိုင်းပြည်အပေါ်တောင်မှ စေတနာပျက်။ နောက်ကူညီပါဦး ဆိုရင်တော့ Sorry ပါပဲ” ဟု တိုင်းအဆင့် ကော်မရှင်အဖွဲ့ဝင်တဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ် ထပ်မံအနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဖြစ်သည့်အတွက် အန္တရာယ်ကြားကပင် ပြည်သူများက တခဲနက် မဲထွက်ပေးခဲ့ကြ သလို မဲစာရင်းများ မှားယွင်းမှု မရှိစေရေးအတွက်လည်း ပြင်ဆင်နိုင်ရန် ၃ ကြိမ်တိုင် ကြေညာပေးခဲ့သည်။
သို့သော် ရွေးကောက်ပွဲရှုံးနိမ့်သည့် ကြံ့ခိုင်ရေးပါတီ အပါအဝင် ပါတီအချို့က ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည့်အပြင် စစ် တပ်ကလည်း မဲစာရင်းမှားယွင်းမှုနှင့် မဲမသမာမှုများ ၁၁ သန်းကျော် ရှိသည်ဟုဆိုကာ အာဏာသိမ်းခဲ့သည်။
ရွေးကောက်ပွဲကာလတွင် မဲသမာမှုပြုလုပ်ရန် ကြိုးပမ်းမှုအနေဖြင့် ကြံ့ခိုင်ရေးပါတီမှ အချို့အား မဲတံဆိပ်တုံးအတုဖြင့် လက်ရဖမ်းမိခဲ့မှုများအား ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာခဲ့သည်။
လက်ရှိတွင် မဲမသမာမှုများကြောင့် အာဏာသိမ်းရသည်ဆိုသော စစ်ကောင်စီ၏ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်သည် အာဏာသိမ်းမှု ၁ နှစ် ပြည့်ပြီ ဖြစ်သော်လည်း မဲမသမာမှု အနေဖြင့် မဲ ၂ ကြိမ် သို့မဟုတ် ၂ ကြိမ်ထက် ပိုပေးသူ ၂၀၀၀ ကျော်ကိုသာ အမှုဖွင့် အရေးယူထားနိုင်သေးကြောင်း ၎င်းတို့က တရားဝင် ပြောဆိုထားသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ တွေ့ရသည့် သမ္မတရုံး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမင်းသူ
ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်
ဒေါက်တာရဲလွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသနေရ
ရှောင်တာနဲလ်အမှု နည်းပညာကျွမ်းကျင်သူ သက်သေတဦး စစ်ဆေး