သတင်း

နှစ်အစ၌ပင် မြန်မာ့ကုန်ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာဟု IHS စစ်တမ်းကဆို

မြန်မာ့လက်ရှိ နိုင်ငံရေး အခြေအနေများ အပါဝင် လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုနှင့် ငွေသားပြတ်လပ်မှု များ ကြောင့် ယခုနှစ်အစပိုင်းတွင် ကုန်ထုတ်လုပ်မှု အခြေအနေများ ကျဆင်းလာသည်ကို ပြနေကြောင်း လန်ဒန်အခြေစိုက် စီးပွားရေး သတင်းအချက်အလက်ဆိုင်ရာ အဖွဲ့တခု ဖြစ်သည့် IHS Markit စစ်တမ်းက ဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍ စွမ်းဆောင်ရည်ကို မှတ်တမ်းတင်သည့် IHS Markit ၏ ဈေးကွက် အခြေပြ မြန်မာကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဒီဇင်ဘာလတွင် ၄၉. ၀ ရှိနေရာမှ ဇန်နဝါရီလတွင် ၄၈. ၅ သို့ မှတ်တမ်းတင်ခဲ့သဖြင့် မသိမသာ ကျဆင်းခဲ့သော်လည်း စီးပွားရေး တိုးတက်မှုနှင့် ကျဆင်းမှုကို ခွဲခြားပြသသည့် အညွှန်းကိန်းဖြစ် အမှတ် ၅၀ အောက်တွင် လက်ဆက် ကျဆင်းနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

PMI အညွှန်းကိန်း (Purchasing Managers Index )ဆိုသည်မှာ ကုန်ထုတ်လုပ်မှု၊ အော်ဒါအသစ်များ ရရှိမှု အခြေအနေ၊ အလုပ်နေရာ၊ ပစ္စည်းသွင်းသူများနှင့် ပေးသွင်းမှု ကြာမြင့်ချိန်၊ သိုလှောင်ကုန်ပစ္စည်းများ အစရှိသည့် အချက်များကို ကောက်ယူ တွက်ချက်ခြင်း ဖြစ်သည်။

IHS Markit၏ စစ်တမ်းတွင် လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ ကုန်ကြမ်း ရှားပါးမှုနှင့် ငွေသားပြတ်တောက်မှုများ၏ အကျိုး ဆက်အဖြစ် လက်ကျန်အလုပ်များက စုပုံလာပြီး သယ်ယူ ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင် မှုများ ခက်ခဲလာခြင်းက ရောင်း သူနှင့် ဝယ်သူကြား ကုန်ပစ္စည်း ပေးသွင်းမှု ကြန့်ကြာမှုများကို ဖြစ်စေကြောင်း ဖော်ပြထား သည်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ရေး ကုမ္ပဏီများသည် မပြီးဘဲ ကျန်ရှိနေသည့် အလုပ်များ စုပုံလာကာ ကုန်ထုတ်လုပ်မှုများ လျှင်မြန်စွာ ကျဆင်းသွားခြင်း ဖြစ်ကြောင်း စစ်တမ်းက ဆိုသည်။

IHS Markit ၏ စီးပွားရေး ပညာရှင် ရှရီယာ ပက်တယ်က “ဒီနှစ်ရဲ့ အဖွင့်လ ဖြစ်တဲ့ ဇန်နဝါရီလက မြန်မာကုန်ထုတ်လုပ် ရေးကဏ္ဍက ဆက်တိုက် ကျဆင်းနေတဲ့ နယ်ပယ်ထဲမှာပဲ ရှိနေတာကို ညွှန်ပြနေတယ်။ နိုင်ငံရေး မတည်ငြိမ်မှုကလည်း ထုတ်လုပ်မှုနဲ့ ပြည်တွင်း ဝယ်လိုအားကို ခြိမ်းခြောက်နေတဲ့အချိန်မှာ လျှပ်စစ်မီး ပြတ်တောက်တာ၊ ကုန်ကြမ်း ရှားပါးတာ တွေကြောင့် လက်ကျန် အလုပ်တွေ စုပုံနေတာ၊ သယ်ယူပို့ဆောင်ခတွေ မြင့်တက် လာတာ၊ ဒေါ်လာနဲ့ ယှဉ်ရင် ကျပ်ငွေ လဲလှယ်နှုန်းမှာ ကျပ်ငွေ တန်ဖိုး ကျဆင်းတာတွေက ဖိအားပေးမှုတွေ ရှိနေတယ်” ဟု လက်ရှိ မြန်မာ့ ကုန်ထုတ်လုပ်မှု အခြေအနေကို သုံးသပ်ထားသည်။

တချို့ ကုမ္ပဏီများက၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် ထုတ်လုပ်ရေး အလားအလာကောင်းများ ယူဆောင်လာနိုင်မည် ဟု မျှော်လင့်သည်များ ရှိနေသော်လည်း လက်ရှိ ငွေသားပြတ်တောက်မှု၊ ကုန်ကြမ်း မလုံလောက်မှုနှင့် နိုင်ငံရေး မတည် ငြိမ်ခြင်း အခြေအနေများက စီးပွားရေးကို နောက်ပြန်ဆွဲလျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ထို့ပြင် ငွေကြေး ဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး အမြင့်ဆုံးဖြစ်လာကာ IHS Markit စစ်တမ်း ၏ သက်တမ်းတလျှောက်တွင် အများဆုံးဖြစ်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်များမြင့်တက်မှုကြောင့်လည်း ကုန်ပစ္စည်း ရောင်းဈေးများ ဆက်တိုက်မြင့်လာကြောင်း သိရသည်။

ပြည်တွင်း စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက “အဓိကတော့ နယ်စပ် ကုန်သွယ်ရေးပိတ်တဲ့ အခါမှာ လေ ကြောင်း ဘက်ကနေ ကုန်ကြမ်းတွေ ပစ္စည်းဈေးတက်တယ်။ လိုချင်သလောက် လိုချင်တာတွေ မရဘူးပေါ့နော်။ အဲဒီတော့ အခက်အခဲ ဖြစ်တယ်။ ပြီးတော့ လျှပ်စစ်မီးတွေ ပြတ်တာကြောင့်လည်း အခု ထုတ်လုပ်ရေးမှာ အခက်အခဲ ဖြစ်တယ်။ စက်ရုံ အသေးတွေကတော့ မီးစက် မရှိတော့ ရပ်သွားရတယ်ပေါ့။ စက်ရုံ အကြီးကျတော့ မီးစက်တွေ ဆောင်ထားတြယ်။ ဒါပေမယ့် အခု ဆီဈေးနဲ့ မီတာခ ဆောင်ရတာနဲ့တော့ သိပ်မကွာပါဘူး။ အဲဒီတော့ မီးစက်ရှိတဲ့ စက်ရုံတွေကတော့ အဆင် ပြေတယ်။ မရှိတဲ့ ရုံက ခက်ခဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း စသည့် အချက်များကြောင့် စက်ရုံအသေးတချို့ လည်း ရပ်ဆိုင်းသွားခြင်းများ ရှိကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများက ကုန် ထုတ်လုပ်ရေး မျှော်လင့်ချက်များ အပေါ်တွင် ဆက်လက် ဖိအားများ သက်ရောက်နေသည်ဟု ဆိုသည်။

လက်ရှိ ဈေးနှုန်းများကိုကြည့်လျှင် ယခင် ကုန်ကြမ်းများနှင့် ပို့ဆောင်ခများကထက် အဆမတန် မြင့်မားနေပြီး ငွေလဲနှုန်း များကလည်း ကုန်ကျစရိတ်များကို မြှင့်ပေးနေလျက် ရှိနေကြောင်း IHS Markit စစ်တမ်းက ထုတ်ပြန်ထားသည်။

IHS Markit သည် စီးပွားရေး သတင်း အချက်အလက်ဆိုင်ရာ အဖွဲ့တခုဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း များစွာ အတွက် ကုန်ဝယ်ယူရေး မန်နေဂျာ အညွှန်းကိန်း (PMI) စစ်တမ်းကို လစဉ် တွက်ချက် ထုတ်ပြန်ပေးလျက်ရှိသည်။

မြန်မာ့ စီးပွားရေးသည် လွန်ခဲ့သော ၁၂ လအတွင်း ၁၈ ရာခိုင်နှုန်း ကျုံ့သွားပြီးနောက် ယခုနှစ် စက်တင်ဘာလ ၃၀ ရက် အထိ ကာလအတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်လာနိုင်ပြီး အရှိန်မြင့်လာသည့် ပဋိပက္ခနှင့် ကိုဗစ်- ၁၉ ခြိမ်းခြောက်မှု များကြောင့် ပြန်လည် ခေါင်းထောင်ရန် အခြေအနေ ဆိုးရွားနေဆဲ ဖြစ်ကြောင်း ကမာ္ဘ့ဘဏ်က ထုတ်ပြန်သော မြန်မာ့ စီးပွားရေး အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။

You may also like these stories:

ရွှေနှင့် ငွေကြေး ကစားသူများကို ထိန်းချုပ်ရန် စစ်ကောင်စီ ပြင်ဆင်လာ

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်းသာ တိုးမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

Loading