မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့၊ သီရိရပ်ကွက် ဆောချောင်းတံတား အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတွင် တည်ရှိသော ဌာဆိုင်ရုံးများအား ဆောယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နံနက် ၄ နာရီကျော်တွင် သွားရောက် တိုက်ခိုက် မီးရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို PDF-SAW၊ YDF SAW & Kyaukhtu နှင့် ညောင်ရမ်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဆော၊ ယောဒေသကလည်း သတင်းထုတ်ပြန်သည်။
ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တဦးက “အဓိက ကျနော်တို့ တိုက်ခိုက်လာတာက စစ်ကောင်စီ တပ် တပ်စွဲနေထိုင်တဲ့ ရဲစခန်း၊ ထွေအုပ်နဲ့ မြို့နယ်ထွေအုပ်ရုံးကို ပစ်မှတ်ထား တိုက်ခိုက်တာပါ။ အဲဒီလို တိုက်ခိုက်ရင်း စစ်ကောင်စီ ဌာနတွေကိုလည်း အလိုမရှိတဲ့အတွက် လဝကရုံး အပါအဝင် ဌာနဆိုင်ရာရုံးတွေထဲပါဝင်ပြီး စာရွက်စာ တမ်းတွေကို မီးရှို့တဲ့အခါ မီးလောင်သွားတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ကြံ့ခိုင်ရေးရုံးနှင့် ကြံ့ခိုင်ရေး အမတ်ဟောင်း ပိုင်ဆိုင်သည့် G99 စားသောက်ဆိုင် တို့အား ဖောက်ခွဲမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဆောမြို့မရဲစခန်းအတွင်း ဂါတ်စာရေးရုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ ထောက်တိုင်အဖြစ် ယခုတိုင် လည်ပတ်နေကြသော မီးသတ်၊ ကျေးလက်ဦးစီး၊ မြေစာရင်း၊ စီမံ ကိန်း၊ စိုက်ပျိုးရေး၊ စည်ပင်၊ သစ်တောဌာနမှ စာရွက်စာတမ်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသ ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုအပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်၊ အကျအဆုံး မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုလည်း ဆိုသည်။
ဆောမြို့ခံတဦးက “ဒီနေ့ မနက် ၅ နာရီလောက်မှာ ပစ်ခတ်သံတွေ ကြားပြီးနောက်ပိုင်း ရုံးတွေ မီးလောင်တာကို တွေ့ တယ်။ ဆောချောင်းတံတား အရှေ့ဘက်ခြမ်းက ရုံးတွေ တော်တော်များများ မီးလောင်သွားတယ်။ အုတ်ရိုးလောက်ပဲ ကျန်တော့ပေါ့။ စစ်ကောင်စီဘက်ကတော့ အခုထိ မြို့ပေါ်မှာ ဘာမှ လုပ်တာတော့ မတွေ့သေးဘူး။ ပြည်သူတွေကတော့ အထိတ်တလန့် ဖြစ်တာပေါ့” ဟု ပြောသည်။
ဆောမြို့နယ်အတွင်း CDM လှုပ်ရှားမှုတွင် မပါဝင်ဘဲ ရုံးတက်ရုံးဆင်း လုပ်နေသော စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း များအားလုံး ဖေဖော်ဝါရီ ၅ ရက်၊ ညနေ ၁၂ နာရီ နောက်ဆုံးထားပြီး ခံဝန်ချက်နှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆောပြည် သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နနဝါရီ ၃၀ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

ယင်းသတိပေးစာတွင် သတ်မှတ်ထားသည့် ရက်နောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်သော မည်သည့်ဝန်ထမ်းကိုမဆို နိုင်ငံတော်ပုန်ကန် သစ္စာဖောက်မှု ကြံရာပါအဖြစ် သတ်မှတ်ပြီး ထိရောက်စွာ အရေး ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဆောမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုး ဆောင်ရွက်နေသလို ဆောဒေသကာကွယ်ရေး တပ်ဖွဲ့များထံသို့လည်း အနီးဝန်းကျင်ရှိ မြို့နယ်အသီးသီးမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ကူပေးရန် လာနေသည် ဟူသော သတင်းများကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်မည့် အခြေအနေရှိကြောင်း ဒေသခံများက ပြောသည်။
You may also like these stories:
ဂန့်ဂေါမှာ စစ်ကောင်စီတပ်၏ သောင်းကျန်းမှုများ