အာဏာသိမ်းထားသည့် ၁ နှစ်အတွင်း စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ရာတွင် အသက် မပြည့်သေးသည့် ကလေးငယ် ၁၆ ဦး အပါအဝင် ၁၈၄ ဦး အသတ်ခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ထုတ်ပြန်လိုက်သည်။
ထို့ပြင် ပြည်သူများ၏ ဆန္ဒအား လစ်လျှူရှုပြီး အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီ ကြောင့် ၁ နှစ်အတွင်း ပြည်သူ ၁၅၁၀ ဦး သေဆုံးခဲ့ရသည်ဟုလည်း NUG က ဆိုသည်။
စစ်အာဏာသိမ်းမှု ၁ နှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများမှာ ချင်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထူးသဖြင့် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့ နယ်၊ မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် အသက်မပြည့်သည့် ကလေးငယ် အပါအဝင် ပြည်သူ ၄၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်အား စစ်ကောင်စီဘက်က အကြိမ်ကြိမ် ငြင်းဆိုထားသော်လည်း အကြမ်းမဖက် ပြည်သူ့အာဏာဖီ ဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်နယ်ရဲဌာန (KSP) က စုံစမ်းဖော်ထုတ် မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီအား နိုင်ငံတကာတရားရုံးများတွင် တရားစွဲတင်နိုင်ရေး NUG နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် မဲစာရင်း မှားယွင်းမှု အကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီ အနေဖြင့် ပြည်သူ များအပေါ် အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လျက် ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်က မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ဒေသခံ ၂၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဖေဖော်ဝါရီ ၃ ရက်ကလည်း ဝက်လက်မြို့နယ်၊ သစ်ဆိပ်ကြီးကျေးရွာမှ အရပ်သား ၆ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း NUG နှင့် ဒေသခံအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
အရပ်သား သေဆုံးမှုများနှင့် ပတ်သက်ပြီး အခြားသော သုတေသနအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရလည်း စစ်တပ် အာဏာသိမ်းထားသည့် ၁ နှစ်အတွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကြောင့် အရပ်သားပြည်သူ သေဆုံးမှု များပြားခဲ့ကြောင်း စာရင်းများက ဖော်ပြနေသည်။
လွတ်လပ်သော အဖွဲ့အစည်းတခုဖြစ်သည့် Institute For Strategy and Policy-Myanmar ၏ သုတေသနပြု ထုတ်ပြန် ချက်အရ ၂၀၂၁ ခုနှစ်အတွင်း အရပ်သား သေဆုံးမှုမှာ ၃၅၉၈ ဦးထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အရေအတွက်သည် စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် သေဆုံးရသူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းပေးဒလန်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခြင်းများကြောင့် သေဆုံးရသူများ အပါအဝင်ဖြစ်ပြီး ယင်းအရေအတွက် သည် မြန်မာနိုင်ငံ၌ ၁၉၈၉ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း အရပ်သားသေဆုံးမှု အများဆုံးအဖြစ် စံချိန်တင်သော နှစ်တနှစ် ဖြစ်ကြောင်း ISP-Myanmar က ဆိုသည်။

စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့် ပြည်သူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုများ ဆက်လက် မြင့်တက်နေဆဲ အခြေအနေဖြစ်ရာ ညှိနှိုင်း၍ မရနိုင်တော့သည့် အခြေအနေဆီ ဦးတည်နေပြီး နားကျည်းမှုအပေါ် ပြည်သူများက အဆုံးတိုင် ခုခံတိုက်ခိုက်ကြတော့မည့် အနေအထား ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
၎င်းက “သေဆုံးမှုများရတဲ့ ကိစ္စကတော့ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေ CDM လှုပ်ရှားမှုမှာကတည်းက စတင် ပြီးတော့ ဖမ်းဆီးသတ်ဖြတ်တာ၊ ထောင်ချတာတွေ လုပ်ခဲ့တာပါ။ အဲဒီနောက် ပြည်သူတွေရဲ့ ခုခံရေးလှုပ်ရှားမှု မြင့်တက်လာ တာနဲ့အမျှ အရေအတွက်က တိုးတက်လာတာပေါ့။ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက္ခဏာပါပဲ။ သူသေကိုယ်ရှင် တိုက်ခိုက်ကြ ဖို့ ပြင်ဆင်နေကြတဲ့ အနေအထားပဲ ဖြစ်ပါတယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
စစ်အာဏာ သိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်မှုအား လက်နက်ကိုင် ခုခံတော် လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှု၊ သတင်းပေး ဒလန်အဖြစ် သတ်မှတ်ကာ တိုက်ခိုက်မှုများ ကြောင့် သေဆုံးရသည့် အရပ်သား ၁၅၃၈ ဦး ရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်န ဝါရီ ၁၄ ရက်တွင် ပြောထားသည်။
ထို့ပြင် တိုက်ခိုက်ခံရမှုများအတွင်း အစိုးရဝန်ထမ်း ၉၅ ဦးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ ၃၆၇ ဦး လည်း သေဆုံးခဲ့ သည်ဟု စစ်ကောင်စီက ဆိုသည်။
“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း လိုအပ်တဲ့နေရာမှာ တနိုင်ငံလုံး ဖြန့်ကျက်ပြီး ဆောင်ရွက်ရတဲ့ အတွက်ကြောင့် ကျနော်တို့ ပြည်သူအားလုံးကိုလည်း အလုံးစုံ ကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ပါတယ်” ဟုလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။

အာဏာသိမ်းပြီးနောက် တိုက်ခိုက်ခံရမှုများအပေါ် စစ်ကောင်စီ အနေဖြင့် တုန့်ပြန်ထိန်းသိမ်း ဆောင်ရွက်ရာတွင် အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ထိခိုက်သေကြေ၊ ဒဏ်ရာရရှိခဲ့ရမှုများ အတွက်လည်း ၎င်းအနေဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း ၎င်းက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ယူ ရရှိထားသည့် စာရင်းများအရ စစ်အာဏာ ရှင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ၁၅၁၉ ဦး ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အရေအတွက်သည် AAPP မှ ကောက်ယူ ရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသွားသူများမှာ ယင်းအရေအတွက်ထက် ပိုများနေနိုင်သည်ဟု AAPP က ဆိုသည်။
စစ်အာဏာသိမ်း ကာလအတွင်း အရပ်သား သေဆုံးမှုများနှင့် ပတ်သက်ပြီး အတိအကျ စာရင်းကောက်ယူ အတည်ပြုနိုင် ရန် ခက်ခဲသည့် အခြေအနေတွင် ကိန်းဂဏန်များက အငြင်းပွားဖွယ် ဖြစ်သော်လည်း စစ်တပ် အာဏာသိမ်းထားသည့် ၁ နှစ်အတွင်း နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြောင့် အရပ်သား သေဆုံးမှုများမှာ နေ့စဉ်ဖြစ်ပေါ်လျက် ရှိသည်။
ထို့ပြင် စစ်တပ် အာဏာသိမ်းထားသည့် ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများနှင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲ များကြောင့် ပြည်သူ ၄ သိန်းကျော်မှာ စစ်ဘေးရှောင် ထွက်ပြေးရလျက် ရှိနေပြီး အရပ်သားပြည်သူများ၏ နေအိမ် ၁၂၀၀ ခန့်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း NUG နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆိုထားသည်။
အဆိုပါ အဖြစ်အပျက်များသည် စစ်အုပ်စုမှ အာဏာရယူလိုမှု ဇောတခုတည်း ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရား အာဏာ လုယူမှုအောက်တွင် မြန်မာပြည်သူလူထု တရပ်လုံး၏ လူမှုဘဝအသီးသီးတွင် အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံ မငြိမ်းချမ်းသော ဘဝသို့ ရောက်ရှိနေသည့် အခြေအနေအား ထင်းရှားစွာ မီးမောင်းထိုပြလျက် ရှိကြောင်း NUG က ပြောဆို ထားသည်။
You may also like these stories:
ဖရူဆို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု စစ်ဆေးတွေ့ရှိချက် ဖော်ထုတ်မှု
ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်