ခီမောင်နှံ၏ Charity Program မှ အလှူငွေ သိန်းပေါင်း ၁၃၀၀ ဝန်းကျင် ရရှိ
သရုပ်ဆောင် ဇဏ်ခီနှင့် ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦး၏ Charity Program မှ ပထမဆုံး ရောင်းချခဲ့ သည့် ၎င်းတို့၏ မင်္ဂလာသက်တမ်း ၁၃ နှစ်မြောက် လက်ဆောင် ဆွဲကြိုးနှင့် နားကပ်ကို အလှူငွေ ကျပ်သိန်းပေါင်း ၁၃၀၀ ဝန်းကျင်ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ “Zenn Kyi Christina Kyi Charity” Program သည် မြန်မာပြည်သူများအတွက် အခက်အခဲ ဖြစ်နေသည့် နေရာ များထံ ကူညီလှူဒါန်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ခီမောင်နှံက ထူထောင်လိုက်ခြင်း ဖြစ်သည်။

သရုပ်ဆောင် ဇဏ်ခီ က “ကျနော်တို့ရဲ့ပထမဆုံး fundraising item ကို ကမ္ဘာအရပ်ရပ်က မြန်မာပြည်သူများရဲ့ ပါဝင်မှုကြောင့် ကျပ်သိန်း ၁၃၀၀ ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ ရရှိထားတဲ့ရန်ပုံငွေတွေကို လိုအပ်နေတဲ့ပြည်သူတွေဆီ ဆက်တိုက်ပေးအပ်နေပြီဖြစ်ကြောင်းလည်းတဆက်တည်းသတင်းကောင်းပါးအပ်ပါတယ်။ ဘယ်ဒေသတွေကို လှူဖြစ်တယ်ဆိုတာကို လည်းမကြာခင်မှာထုတ်ဖေါ်ပြောကြားသွားမှာပါ”ဟု သူ၏ လူမှုကွန်ရက်တွင် အသိပေး ဖော်ပြခဲ့သည်။
ယင်းအစီအစဉ်တွင် ပထမဆုံး Fundraising လုပ်ခဲ့သည့် ပစ္စည်းမှာ 18K အရည်အသွေးရှိ အရောင် ၃ ရောင် (အဝါ၊ အဖြူနှင့် Pink gold) လည်ဆွဲ ၁ ကုံးနှင့် နားဆွဲ ၁ ရံဖြစ်ပြီး အဆိုပါ လည်ဆွဲနှင့် နားကပ်ကို ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက် ထိ ၅ ရက်တာ ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရောင်းချပေးခဲ့ရာတွင် နိုင်ငံအလိုက် လက်မှတ်ဈေးနှုန်းများ သတ်မှတ်ခဲ့ပြီး လက်မှတ် ၁ စောင်လျှင် မြန်မာငွေ ၁ သောင်းကျပ်၊ အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ၊ ထိုင်းဘတ်ငွေ ၂၀၀ ဘတ်၊ စင်ကာပူဒေါ်လာ ၁၀ ဒေါ်လာနှင့် ကိုရီးယား ဝမ်ငွေ ၇၀၀၀ ဝမ် အသီးသီး သတ်မှတ်ခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်းစုံမှ ခီမောင်နှံ၏ အမာခံပရိသတ်များက ပထမဆုံး ရောင်းချသည့် အဆိုပါ Fundraising ကံစမ်းမဲလက်မှတ်ကို တခဲနက် ဝယ်ယူအားပေးခဲ့ကြရာ စုစုပေါင်း လက်မှတ်အရေအတွက် ၁၁၂၄၁ စောင် ရောင်းချနိုင်ခဲ့သည်။
အဆိုပါ မဲအရေအတွက် ၁၁၂၄၁ စောင်တွင် ပြည်တွင်းမှ ဝယ်ယူသူ ၃၅၉၈ စောင်၊ စင်ကာပူမှ ဝယ်ယူမှု ၃၂၅၅ စောင်၊ အမေရိကန်မှ ဝယ်ယူသူ ၃၁၆၆ စောင်၊ ထိုင်းနိုင်ငံမှ ၇၂၆ စောင်နှင့် ကိုရီးယားနိုင်ငံမှ အစောင် ၄၉၀ အားပေးခဲ့ကြောင်း၊ ထို့ပြင် အီတလီ၊ အစ္စရေး၊ ဩစတြေးလျ၊ မကာအိုနှင့် ဒူဘိုင်း စသည့်နိုင်ငံများမှ မြန်မာပြည်သူများ ကလည်း ဝယ်ယူအားပေးကြကြောင်း သိရသည်။

ဒါရိုက်တာ ခရစ္စတီးနားခီက “Ticket တွေ အကုန်လုံးရဲ့ ငွေကြေးကို လက်ရှိ Currency ပေါက်ဈေးနဲ့ အကြမ်းဖျင်း တွက် လိုက်တဲ့ အချိန်မှာ သိန်း ၁၃၀၀ လို့ သတ်မှတ်လိုက်တယ်။ အဲဒီလောက် ပတ်ဝန်းကျင် ရတယ်။ ဒါတွေ အားလုံးက အကုန် လုံး ပါဝင်တဲ့သူတွေရဲ့ ငွေကြေးဖြစ်တဲ့အတွက် အားလုံး ကြည်နူးမယ် ထင်ပါတယ်” ဟု ပြောသည်။
ယခု ရောင်းချမှုမှ ရရှိလာသည့် ရောင်းရငွေများကို မြန်မာပြည်အတွက် လိုအပ်သည့် နေရာများ၊ ရောက်သင့်ရောက် ထိုက်သည့် နေရာများဆီသို့ ရောက်အောင် ပေးပို့သွားမည်ဖြစ်ပြီး မည်သည့်ဒေသများသို့ ကူညီဖြစ်သည်ကိုလည်း ထပ်မံ တင်ပြပေးသွားမည် ဖြစ်ကြောင်း ခီမောင်နှံက ပြောဆိုထားသည်။