သတင်း

KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းရန် အသင့်ရှိကြောင်း မဟာမိတ်သုံးဖွဲ့ သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA) တို့က ၆၁ နှစ်မြောက် ကချင့်တော်လှန်ရေးနေ့သို့ သဝဏ် လွှာ ပေးပို့ထုတ်ပြန်လိုက်သည်။

အဆိုပါ သဝဏ်လွှာတွင် KIO/KIA အနေဖြင့် ဌာနချုပ်လိုင်ဇာမြို့တွင် AA နှင့် TNLA အသစ်တဖန် သန္ဓေတည် မွေးဖွား ခွင့် ပေးခဲ့သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မဟာမိတ်အဖွဲ့အစည်းအဖြစ် ရပ်တည်ပေးထားသော ကြောင့် တအာင်းနှင့် ရက္ခိုင်လူမျိုးတို့အတွက် ကြီးမားသောဂုဏ်ဒြပ်များနှင့် ပြည့်နှက်နေပြီး ကချင်လူထုနှင့် KIO/KIA အား များစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် KIO/KIA သည် ပြည်သူများနှင့်အတူ ရပ်တည်ကာ အာဏာသိမ်း စစ်ကောင်စီအား ခုခံတိုက်ခိုက်လျက် ရှိသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား လေ့ကျင့် သင်ကြားပေးကာ ပူးတွဲတိုက်ပွဲဝင်လျက် ရှိနေသည်။

ယင်းသို့ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ပြီး ပြည်သူနှင့် တသတ်မတ်တည်း ရပ်တည်လျက် ရှိသည့်အတွက် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) နှင့် ကချင်အမျိုးသား ခေါင်းဆောင်များအား အစဉ်အမြဲ သတိတရ ကျေးဇူးတင်ရှိကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ကျရောက်သည့် ကချင်တော်လှန်ရေးနေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ သတင်းအမှောင်ချမှု၊ ဝါဒဖြန့်မှုများကြောင့် တိုင်းရင်းသားများ၏ လက်နက် ကိုင်တော်လှန်ရေးအပေါ် အဖျက်အမှောင့် လုပ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည့် ပြည်မနေ ဗမာလူထု အများစုအနေဖြင့် ယခုအခါ အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီး၊ သတ်ဖြတ်မှုများအား မျက်မြင်ကိုယ်တွေ့ ခံစားရလျက် ရှိသည့်အတွက် တိုင်းရင်းသားများ၏ နစ်နာခဲ့မှုအပေါ် ကိုယ်ချင်းစာလျက် ရှိနေကြပြီ ဖြစ်ကြောင်းလည်း NUG က ဆိုသည်။

ယင်းအတွက် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင် ရွက်နေသည့် အနာဂတ် မြန်မာနိုင်ငံသစ် ထူထောင်မည့် တော်လှန်ရေးခရီးတွင် အမြဲလက်တွဲသွားကြရန်လည်း NUG က တိုက်တွန်းထားသည်။

ကချင်လူမျိုးများ၏ တော်လှန်ရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army-KIA) ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းနေ့အား “ကချင်တော်လှန်ရေးနေ့” အဖြစ် သတ် မှတ်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့ကြသည်။

ယနေ့ ကျရောက်သည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ကချင် ဘာသာဖြင့် မိန့်ခွန်းတရပ် ပြောကြားခဲ့ပြီး စစ်အာဏာရှင်စနစ်အား အမြစ်မှအစ အကိုင်းအခက်မကျန် ချေမှုန်းနိုင်ရန် အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များအားလုံး ပန်းတိုင်တခုအောက်တွင် အတူတကွ လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ကချင်ဘာသာဖြင့် ပြောကြားသည့် တော်လှန်ရေးနေ့ မိန့်ခွန်းတွင် စာမျက်နှာ ၇ မျက်နှာ ပါဝင် ပြီး ကချင်ပြည်နယ်အခြေစိုက် မီဒီယာများက ဘာသာပြန်ဖော်ပြမှုများ ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လက “ယနေ့အချိန်မှာ တိုင်းပြည်ကိုချစ်တဲ့စိတ်၊ လူမျိုးကိုချစ်တဲ့စိတ်နဲ့ ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အသီးသီးကို မှာကြားချင်ပါတယ်။ အားလုံးဟာ သူရဲကောင်း၊ ရဲဘော်ရဲ ဘက်တွေ ဖြစ်ကြပါတယ်။ ဝမ်းသာခွန်အား ရမိပါတယ်။ ဒါပေမဲ့ အားလုံး နာမည်အမျိုးမျိုးနဲ့ လုပ်နေတာမျိုး မဖြစ်သင့်ပါဘူး။ အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေတဲ့ အဖွဲ့အစည်း အားလုံးဟာ NUG အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ဖို့ လို တယ်။ ဒီလိုမှမဟုတ်ရင် ရေရှည်မှာ ပြဿနာတွေ ရှိလာနိုင်တာကို သတိချပ်ဖို့လိုတယ်” ဟု သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

Loading