ဖနွမ်းပင်တွင်ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို မြန်မာနိုင်ငံစေလွှတ်မည်ဖြစ်ကြောင်း ဖနွမ်းပင်မှ အတွင်း သတင်းရင်းမြစ်တခုကို ကိုးကားပြီး ထိုင်းပီဘီအက်စ်သတင်းဌာနက ရေးသည်။
ဦးချမ်းအေးသည် လွန်ခဲ့သောနှစ်က ကျင်းပသည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးအားလုံးကို တက်ရောက်ခဲ့သောကြောင့် ASEAN လုပ်ဖေါ်ကိုင်ဖက်များအတွက် လူစိမ်းမဟုတ်ပေ။ လတ်တလောတွင် ဖိလစ်ပ်ိုင်နှင့် ဘရူနိုင်းတို့က လူကိုယ်တိုင် တက်မည် မတက်မည်ကို အတည်မပြုသေးဟု ထိုသတင်းရင်းမြစ်ကဆိုသည်။
ထိုအစည်းအဝေးတွင် မြန်မာအကျပ်အတည်းနှင့်ပတ်သက်သော အဓိကကျသည့် ပြဿနာအများအပြား အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ၊ စီစဉ်ထားသော လူသားချင်းစာနာမှုအကူအညီနှင့် အနာဂတ်နိုင်ငံရေး ဆွေးနွေးပွဲများကို ဆွေးနွေးမည်ဖြစ်သည်။
အာဆီယံအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အာဆီယံအသင်းထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ပြန်လည်ပါဝင်ခွင့်ကို ထောက်ခံတင်ပြခဲ့သော်လည်း ကျန်နိုင်ငံများ အထူးသဖြင့် စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့က ဆက်လက်ကန့်ကွက်ခဲ့သည်။
မြန်မာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်မည့် ဇန်နဝါရီလအတွင်း ဖနွမ်းပင်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း ရွှေ့ဆိုင်းပစ်ခဲ့ပြီး ဦးဝဏ္ဏမောင်လွင်အစား “နိုင်ငံရေးရာထူး မဟုတ်သော ကိုယ်စားလှယ်” စေလွှတ်ရန် ကမ္ဘောဒီးယားက ပြန်အကြောင်းကြားခဲ့သည်။
အခြားဆက်စပ်ဖြစ်ရပ်တခုမှာ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆက်ဘရီ ယာကော့သည် ကမ္ဘောဒီးယားနိုင်ငံသို့ ဖေဖေါ်ဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် တရားဝင်သွားရောက်လည်ပတ်မည်ဖြစ်သည်။ ထိုခရီးစဉ်သည် ဒေသတွင်း သံတမန်များအတွက် အံ့သြစရာဖြစ်နေသည်။ မကြာသေးမီကပင် မလေးရှားနိုင်ငံသည် ASEAN ဥက္ကဌက မြန်မာအကျပ်အတည်းကို ကိုင်တွယ်ပုံ နှင့်ပတ်ပြီး အပြင်းထန်ဆုံးဝေဖန်သော နိုင်ငံဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဆိုင်ဖတ်ဒင်သည် လွန်ခဲ့သောလအစောပိုင်းက ဝန်ကြီးချုပ်ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်ကို ဝေဖန်ခဲ့ပြီး ထိုခရီးစဉ်သည် ASEAN အတွင်းသွေးကွဲစေကြောင်းနှင့် အဖွဲ့အတွင်း ကြိုတင်တိုင်ပင်ခြင်းမရှိကြောင်းပြောသည်။
ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် ဟွန်ဆန်က ဆိုင်ဖတ်ဒင်သည် မောက်မာပြီး မယဉ်ကျေးကြောင်း ပြန်လည်အပြစ်တင်သည်။ ထိုအပြန်အလှန် ပြစ်တင်ဝေဖန်မှုများသည် မလေးရှားနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် အလျှင်အမြန်ပြေလည်သွားသည်။ ထိုဖုန်းဖြင့် ဆက်သွယ်စဉ် ဟွန်ဆန်က မလေးရှားဝန်ကြီးချုပ်ကို ဖနွမ်းပင်သို့ လာရောက်ရန် ဖိတ်ခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ခြွင်းချက်မရှိလက်ခံခဲ့သည်။
ထိုသို့ သွားရောက်လည်ပတ်ခြင်းသည် အလျှင်စလိုဆုံးဖြတ်ခြင်းဖြစ်ပြီး အကျပ်အတည်းစီမံခန့်ခွဲရန်နှင့် ကမ္ဘောဒီးယား-မလေးရှားဆက်ဆံရေး ချောမွေ့စေရန် ရည်ရွယ်ကြောင်း ASEAN သံတမန်တဦးပြောသည်။ “နှစ်နိုင်ငံလုံးအတွက် အရင်းအနှီးကြီးမားတော့ ဆက်ဆံရေးပျက်စီးလို့ မရဘူး” ဟုလည်း ထိုသံတမန်ပြောသည်။
ကိုးကား။ ။ Thai PBS
You may also like these stories:
မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ
မြန်မာ့အရေး တိုးတက်မှု မရှိဟု ဟွန်ဆန်ကို စင်ကာပူ ပြော
အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း
တရုတ်နှင့် မြန်မာအတွက် ချင်းမိုင်မှ အမေရိကန် သံတမန် အဆောက်အအုံသစ်