အနာဂတ် ခရီးစဉ်တခုတွင် ကမ္ဘောဒီးယားနိုင်ငံမှ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ တွေ့ဆုံရန် စီစဉ်ပေးရေး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း အဆင့်မြင့် ကမ္ဘောဒီးယား အရာရှိတဦးက တနင်္လာနေ့တွင်ပြောသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဇန်နဝါရီလ ၂၆ ရက်နေ့က ဗီဒီယိုနှင့် တွေ့ဆုံဆွေးနွေးအပြီး ရလာသော ထိုကတိသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ခံ အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက် အကျပ်အတည်းဖြစ်နေသော မြန်မာနိုင်ငံအတွက် သေးငယ်သည့် လိုက်လျှောမှု တခုသာဖြစ်ကြောင်း ရိုက်တာသတင်းက ရေးသည်။
NLD မှ မည်သည့်ပါတီဝင်များနှင့်တွေ့ခွင့်ပေးမည်ကို အာဏာသိမ်းခေါင်းဆောင်က ပြောကြားခြင်း မရှိကြောင်း ထိုဗီဒီယို ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ဝန်ကြီးချုပ်ရုံးဝန်ကြီး ကောင်ကင်ဟွန်းက ပြောကြောင်း သတင်းက ဆိုသည်။
“ကျနော်တို့ဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင်အကြား ဗီဒီယိုဆွေးနွေးပွဲမှာ သူတို့က NLD ခေါင်းဆောင်အချို့နဲ့ တွေ့ခွင့်ပေးမယ်လို့ပြောပေမယ့် အဲဒီ လူတွေကဘယ်သူတွေဆိုတာကို ကျနော်တို့မသိရသေးဘူး” ဟု သူက Reuters သတင်းဌာနသို့ ဖုန်းဖြင့်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အကျပ်အတည်းကျရောက်နေပြီး အတိုက်အခံများကို စစ်ကောင်စီက နှိမ်နင်းသောကြောင့် အရပ်သား ၁၅၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ စာရင်းများက ဆိုသည်။
ဆွေးနွေးပွဲများတွင် မြန်မာအကျပ်အတည်းမှ သက်ဆိုင်သူအားလုံးပါဝင်ရေးသည် အဖွဲ့ဝင် ၁၀ နိုင်ငံက လွန်ခဲ့သောနှစ်တွင် ချမှတ်ခဲ့သည့် ASEAN ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက မဏ္ဍိုင်ဖြစ်သည်။ အခြားအဓိကအချက်များတွင် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် အထူးသံတမန်ကို မြန်မာသို့စေလွှတ်ရေးပါဝင်သည်။
အထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်း အနေဖြင့် ကနဦးခရီးစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ရဖွယ်မရှိကြောင်း ကောင်ကင်ဟွန်း ဝန်ခံသည်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး စုစုပေါင်းထောင် နှစ် ၁၅၀ ခန့်ကျနိုင်သည့် စွပ်စွဲချက်များ ပြုလုပ်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက် NLD ပါတီဝင်ပေါင်းများစွာ အဖမ်းခံထားရသည်။
တိမ်းရှောင်နေသော NLD ခေါင်းဆောင်ပိုင်းမှ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ASEAN အထူးသံတမန်နှင့် မည်သည့်တွေ့ဆုံမှုမဆိုသည် ပါတီ၏ သဘောတူညီ ခွင့်ပြုချက် လိုကြောင်းပြောသည်။
စစ်အာဏာသိမ်းခေါင်းဆောင်ပေးသော ကတိသည် လာမည့်အပတ်တွင် ကျင်းပမည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာကို ဖိတ်ရန် ကမ္ဘောဒီးယား အတွက် လုံလောက်မှု မရှိပေ။
ယခုနှစ်အတွက် ASEAN ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက မြန်မာအနေဖြင့် နိုင်ငံရေးနှင့်မသက်ဆိုင်သည့် ကိုယ်စားလှယ်အမည်ကို တင်ပြရန် လွန်ခဲ့သော အပတ်က ပြောကြားခဲ့သောကြောင့် ယခင်နှစ်က နှစ်စဉ် ထိပ်သီးဆွေးနွေးပွဲမှ စတင်သည့် စစ်ကောင်စီခေါင်းဆောင်များကို ဖယ်ထုတ်ထားခြင်းကို ဆက်လက် ဆောင်ရွက်နေသည်။
ကိုးကား။ ။ Reuters
You may also like these stories:
ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အမြဲတမ်းအတွင်းဝန်သာ တက်မည်
မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ
မြန်မာ့အရေး တိုးတက်မှု မရှိဟု ဟွန်ဆန်ကို စင်ကာပူ ပြော
တရုတ်နှင့် မြန်မာအတွက် ချင်းမိုင်မှ အမေရိကန် သံတမန် အဆောက်အအုံသစ်