သတင်း

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရ

အာဏာသိမ်း စစ်ကောင်စီ၏ တရားစီးရင်ရေးဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၏ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံထားရ သည့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် ထောင်အတွင်း ကျန်းမာရေး မကောင်းဖြစ်လာသကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

အိုးဘို အကျဉ်းထောင်အတွင်း၌ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ သံသယအဆင့် ဖြစ်ပွားခဲ့သည့်အတွက် ထောင်ဆေးရုံတွင် ကုသမှုခံယူနေရာက ဖေဖော်ဝါရီ ၄ ရက်နေ့တွင် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွေ့ တက်ရောက်ခဲ့ရပြီး ယနေ့တွင် ရောဂါ ဖြစ်ပွားနေမှုကို စစ်ဆေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေအဖွဲ့က “ဒေါက်တာရဲလွင် မန္တလေးဆေရုံကြီးမှာ ဆေးရုံတင်ရတာ မှန်ပါတယ်၊ အရင်ပြောထားတဲ့အတိုင်းပဲ အစာအိမ် အူလမ်း ကြောင်းမှာ ပြသနာရှိနေတာကို စစ်ဆေးဖို့ လိုအပ်လို့ ဆရာဝန်ကြီးနဲ့ စစ်ဆေးမှာလို့ သိရတယ်၊ ရောဂါ အဖြေကတော့ တိတိ ကျကျတော့ မသိရသေးပါဘူး၊ လိုအပ်ရင်တော့ လိုအပ်သလို ကုသမှု ခံယူရမှာပေါ့” ဟု ပြောသည်။

ဒေါက်တာရဲလွင်သည် စည်ပင်ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန်နှင့် ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟု ဆိုကာ ဒီဇင်ဘာ ၈ ရက်နေ့တွင် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) ထောင်တွင်းအထူးတရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)၏ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသည်။

ဒေါက်တာရဲလွင်သည် မန္တလေးမြို့တွင် မျက်စိအထူးကုဆရာဝန်ကြီးအဖြစ် လူသိများ ထင်ရှားသူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိခဲ့ပြီးနောက် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာသည့် ဒေါက်တာဇော်မြင့်မောင်၏ အဆိုပြုချက်ဖြင့် မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေး ဝန်ကြီး ဖြစ်လာခဲ့သူဖြစ်သည်။

Smart City ပဲ့ကိုင်ရှင်အဖြစ် ထုထောက်ခံမှု ရရှိထားသည့် မန္တလေးမြို့တော်ဝန်ကို အာဏာသိမ်း စစ်ကောင်စီက ကမ်းလှမ်းခဲ့သော်လည်း ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး ပြစ်ဒဏ်များ ချမှတ်ခံရကာ အကျဉ်းထောင် ပို့ခံခဲ့ရသူဖြစ်သည်။

ဒေါက်တာ ရဲလွင် ဦးဆောင်မှုအောက်က မန္တလေးမြို့သည် ၂၀၁၈ ခုနှစ်တွင် အရှေ့တောင်အာရှ၏ Smart City အဖြစ် အလား အလာအကောင်းဆုံး ထိပ်တန်း ၁၀ မြို့တွင် အဆင့် ၅ နေရာ ရပ်တည်နိုင်ခဲ့သလို ၂၀၁၉ ခုနှစ်တွင်လည်း ကွန်ပျူတာ စက်မှု လက်မှုအဖွဲ့အစည်း (ASOCIO) က ချီးမြင့်သည့် Smart City 2019 ဆုကိုလည်း ရရှိခဲ့သည်။

Loading