ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း၊ မောင်တောမြို့နယ်အတွင်း အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲ ပြန်ဖြစ်ခဲ့ပြီးနောက် နှစ်ဘက်တပ်များ အသင့်အနေအထားဖြင့် စစ်ရေး ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက် လက်ပံ တောင်ကြောတလျှောက်တွင် စစ်တပ်နှင့် AA တို့ ဖေဖော်ဝါရီလ ၄ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တို့တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက် တပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့ကြသည်။
AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက်ပံတောင်တန်းကို စစ်တပ်က ထပ်ပြီးတော့ ထိုးစစ်ဆင်လာတဲ့ အတွက် တိုက်ပွဲဆက်ဖြစ်တာဖြစ်တယ်။ တိုက်ပွဲထိခိုက် ကျဆုံးမှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးဘူး။ စစ်တပ်ဘက် ကတော့ ကျဆုံးမှုရှိနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်တပ်က လက်နက်ကြီး၊ လက် နက်ငယ် ပစ်ခတ်ကာ လက်ပံတောင်တန်းကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ပြီး တိုက်ပွဲမှာ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီကျော်အထိ ကြာမြင့် ခဲ့ကြောင်းလည်း ခိုင်သုခက ရှင်းပြသည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းကတော့ “ဒီအခြေအနေအရတော့ နှစ်ဘက် နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ တိုက်ပွဲရပ်စဲရေးက တစုံတရာ ပျက်ယွင်းသွားပြီးလို့ ပြောလို့ ရတယ်။ ဒါကိုခေါင်းဆောင်ပိုင်း အချင်းချင်းညှိနိုင်းကြမလား၊ ဒါမှမဟုတ် ဒီအတိုင်းဆက်သွားမလားဆိုတာ စောင့်ကြည့်ရမယ်။ နောက်တခုက တိုက်ပွဲ ရပ်စဲကတည်းက ဒါက နှစ်ဘက်တပ်တွေက ကိုယ့်တပ်ကို ကိုယ် အခိုင်အမာ တည်ဆောက်ပြီး စစ်ရေးပြင်ဆင်ထားတဲ့အနေအထားရှိတော့ ဒီအတိုင်း ဆက်သွားရင်တော့ တနေရတည်းမှာ မဟုတ်ဘဲ နေရာတိုင်းမှာ တိုက်ပွဲ ဆက်တိုက်ဖြစ်သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်၊ လက်ပံတောင်ကြောတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှုကို လတ်တလော မသိရသေးသော်လည်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်က အလစ်အငိုက်ဝင်တိုက်၍ AA ကင်းသမား ကျဆုံးခဲ့သလို စစ်တပ်ဘက်မှလည်း မိုင်းထိ၍ တပ်ဖွဲ့ဝင် တချို့ ထိခိုက်ကျဆုံးမှု ရှိကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များထံမှ သိရသည်။
တည်ငြိမ်နေသော ရခိုင်ပြည်နယ်အတွင်း စစ်တပ်နှင့် AA တို့ မောင်တောမြို့နယ်အတွင်း တကျော့ပြန် တိုက်ပွဲ ပြန်လည် စတင်ပြီ ဖြစ်သည့် အတွက် ရှေ့ဆက်ပြီးတိုက်ပွဲ ကျယ်ပြန့်လာမှု ရှိမရှိဆိုသည်မှာ စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု အပေါ်မူတည်ကာ AA ဘက်ကတော့ လိုအပ် သလို ပြန်လည် တုန့်ပြန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး တာ ဝန်ခံ ခိုင်သုခ ကဆိုသည်။
စစ်တပ်နှင့် AA တို့အကြား အောက်ခြေတွင် စစ်ရေး တင်းမာနေချိန် ကုလာတန်းမြစ်ကမ်းဘေးတွင် တည်ရှိသည့် ကျောက်တော်မြို့နယ် အတွင်းတွင်လည်း ညနေ ၉ နာရီမှ နံနက် ၅ နာရီ အထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ AA တပ်ဖွဲ့ဝင်များ ရှိရာ ပီချောင်းဒေသအတွင်းသို့ အာဏာသိမ်း စစ်တပ်က ဝင်ရောက် စစ်ရေးလှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်လုလု အနေအထား ဖြစ်ခဲ့သဖြင့် အနီးဝန်းကျင်ကျေးရွာသများ ထွက်ပြေး တိမ်ရှောင်ခဲ့ကြရသည်။
အာဏာသိမ်းစစ်တပ်နှင့် AA တို့သည် ပြီးခဲ့သော ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက နှစ်ဘက်ယာယီ တိုက်ပွဲများကို ရပ်တန့်ထားခဲ့ သော်လည်း အောက်ခြေတွင် နှစ်ဘက်တပ်များ မကြာခဏဆိုလို စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ နှစ်ဘက် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ် ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ကြသည်။