ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်အား လွှတ်ပေးခြင်းမရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသတင်းဌာနများသို့ ဖြေကြားသည်။
ပါမောက္ခရှောင်တာနယ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ဖ မ်းဆီးခံခဲ့ရပြီး လတ်တလောတွင် နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ခံနေရကာ ကြာသပတေးနေ့တိုင်း အမှုရင်ဆိုင်နေရသည်။
ယနေ့တွင် ကမ္ဘောဒီးယားဝန်ကြီးဟွန်ဆန်၏ ပြောကြားချက်အား ကိုးကားကာ ကမ္ဘောဒီးယားအခြေစိုက် သတင်းဌာနများက ပါမောက္ခရှောင်တာနယ်အား ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းများ ရေးသားဖော်ပြသည်။
ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်တွင် ဩစတြေးလျ အစိုးရကိုယ်စား ရှောင်တာနယ်အား လွှတ်ပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့ဖူးသည်။
“ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောခဲ့တာက သူ့အမှု ပြီးပြတ်သွားတဲ့အခါကျ ဒီဟာကို စဉ်းစားပေးမယ်လို့ ပြောခဲ့တာပါ” ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနသို့ ပြောခဲ့သည်။
ဘီဘီစီ သတင်းဌာန အရှေ့တောင်အာရှရေးရာ သတင်းထောက် ဂျိုနသန်ဟဒ်ကလည်း “သူ လုပ်နိုင်မယ်လို့ ယုံထားပုံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ပြောတာနဲ့ ရှေ့နောက်မညီစွာ ဩစတြေးလျ ပညာရှင် ရှောင်တာနယ် မလွတ်ပါဘူး။ ရှုပ်ရှက်ခတ်နေရော။ သူ အချုပ်ခံနေရစဉ် တနှစ်အတွင်း သူ ပြန်လွတ်မှာ စောင့်နေကြတဲ့ ရှောင့်မိသားစုတွေအတွက်တော့ အတော့်ကို ဆိုးပါတယ်” ဟု တွစ်တာတွင် ရေးသည်။
အဆိုပါသတင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ငြင်းဆိုသကဲ့သို့ ရှောင်တာနယ်၏ အမှုနှင့်ပတ်သက်သည့် ရှေ့နေများလည်း လွှတ်ပေးသည်ကို မသိရှိကြောင်း ပြောဆိုကြပြီး အကျဉ်းဦးစီးဌာနကလည်း လွှတ်ပေးရန် အမိန့်စာ မရောက်ကြောင်း ဧရာဝတီသို့ ပြောသည်။
ပါမောက္ခရှောင်တာနယ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
ယင်းအပြင် ၎င်းတဦးတည်းအနေဖြင့်လည်း ဗီဇာစည်းမျဉ်းချိုးဖောက်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲခံထားရသေးသည်။
ပါမောက္ခရှောင်တာနယ်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက် ဖမ်းဆီးချုပ်နှောင်ခံနေရသည်မှာ တနှစ်ပြည့်ပြီဖြစ်ပြီး ၎င်း၏မိသားစုဝင်များနှင့် ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးတို့က အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားကြသည်။
You may also like these stories:
ASEAN အထူးသံတမန်နှင့် NLD ပါတီဝင်များ တွေ့နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော
အကြမ်းဖက်မှုရပ်ရန် ကုလ လုံခြုံရေးကောင်စီ တောင်းဆိုပြန်
ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အမြဲတမ်းအတွင်းဝန်သာ တက်မည်