သတင်း

အားလုံးထိန်းနိုင်ကြောင်း ပြလိုသည့် စစ်ကောင်စီ

အာဏာသိမ်းစစ်ကောင်စီက စီစဉ်သည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) အများစုက မတက်ရောက်ကြရန် ဆုံးဖြတ်ထားကြသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAOs များနှင့် NCA လက်မှတ် မထိုးရသေးသော EAOs များကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ပွဲရန် တက်ရန် အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ဖိတ်ခေါ်ခဲ့သည်။

စိန်ရတုပြည်ထောင်စုနေ့ပွဲ တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်ကာ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ EAO များတက်ရောက် ဆွေးနွေးပါရန် အထူးဖိတ်ကြားပါကြောင်း စစ်ကောင်စီဘက်ကဆိုသည်။

သို့သော်လည်း ဆွေးနွေးပွဲတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခံရသူများ မပါဝင်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။ ထုတ်ပြန်ချက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဆွေးနွေးမည့် အကြောင်းအရာနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက် မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာလိုသည်ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် အဆိုပါနေ့ဆွေးနွေးပွဲသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် EAOs များတက်ရောက်နိုင်ရေး ကူညီပေးရန် တရုတ်နိုင်ငံသို့ အကူအညီတောင်းထားကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

ဆွေးနွေးပွဲတက်ရေး မသေချာ

ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်အာဏာပိုင်များသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင်များအား ဆက်သွယ်ဆွေးနွေးခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီ ကိုယ်စားလှယ်များနှင့် UWSA ခေါင်းဆောင်များတွေ့ဆုံနိုင်ရန် ကြားဝင်စီစဉ်ပေးထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောသည်။

ဧရာဝတီက EAOs များ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းကြည့်ရာတွင် အချို့က စစ်ကောင်စီနှင့် ပတ်သက်ရန်မရှိဟုဆိုပြီး အများစုက ပြည်ထောင်စုနေ့ပွဲ တက်ရန် မသေချာကြောင်းဆိုကြသည်။

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးကလည်း အာဏာသိမ်းစစ်ကောင်စီသည် ငြိမ်းချမ်းရေးကို နှောင့်ယှက်သူဖြစ်နေသဖြင့် အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်စရာအကြောင်းမရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ပဒိုစောတောနီး က “ကျနော်တို့မှာ ရှေ့ဆက်လုပ်ရမယ့် ဟာက ရှင်းရှင်းလင်းလင်း ချပြထားပြီးဖြစ်တဲ့အတွက် အဲဒီနောက်မှာ ကျန်ခဲ့တဲ့ အချင်းအရာတွေကို ခေါင်းထဲမထည့်တော့ဘူးလေ။ NCA ထိုးတာ မထိုးတာလည်း ကျနော်တို့ ခေါင်းထဲမရှိတော့ဘူး။ NCA ကို သူတို့ (စစ်တပ်) က ချိုးဖောက်ပြီးသားဆိုတော့လည်း သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းကို လုံးဝ မရှိတော့တာ” ဟု ပြတ်ပြတ်သားသားပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း၌ ပြင်းထန်သော တိုက်ပွဲတရပ်ဖြင့် စစ်ကောင်စီတပ်ကို အထိနာစေခဲ့သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ရက္ခိုင်စစ်တပ် (AA) ကလည်း ပြည်ထောင်စုနေ့ပွဲတက်နိုင်ရေး စစ်ကောင်စီဘက်က တရားဝင်ပြောဆိုဆက်သွယ်လာမှုမရှိသေးကြောင်း ဆိုသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက “လောလောဆယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ဆက်သွယ်ပြောဆိုလာတာ ဘာမှမရှိသေးဘူး။ နောက်တချက်ကတော့ ကျနော်တို့ရဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင်အဖွဲ့ အစည်းတွေကြားထဲမှာလည်း တိုင်ပင်ဆွေးနွေးတာ မလုပ်ရသေးဘူးဗျ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမှတ်ချက်ပေးစရာမရှိသေးဘူး” ဟု ရှင်းပြသည်။

အလားတူ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ် (TNLA) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကလည်း စစ်ကောင်စီ၏ ဆွေးနွေးပွဲကို TNLA အနေနှင့် တက်ရောက်မည်မဟုတ်ကြောင်း ရွှေဖီမြေသတင်းဌာနသို့ ဖြေကြားထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ကလည်း စစ်ကောင်စီ စီစဉ်သည့် ပြည်ထောင်စုနေ့ပွဲတက်ရန် အဖွဲ့အစည်းအတွင်း မဆုံးဖြတ်ရသေးကြောင်း ထို့ကြောင့် ဆွေးနွေးပွဲတက်ရေး ၊ မတက်ရေး မှတ်ချက်မပေးလိုကြောင်း ဧရာဝတီသို့ ဆိုသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထံ ဧရာဝတီက ပွဲတက်ရေး၊ မတက်ရေး အွန်လိုင်းမှတဆင့် စာပို့မေးမြန်းထား သော်လည်း ယခုသတင်းရေးသားနေသည့် အချိန်အထိ တစုံတရာ အကြောင်းပြန်မှုမရှိပေ။ ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ် (MNDAA) တို့ထံလည်း ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာတွင် ဖုန်းမကိုင်သဖြင့် အဆက်အသွယ်မရပေ။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ၎င်းအနေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဆောင်နိုင်ကြောင်း ပြသလိုသဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲတရပ်စီစဉ်ပြီး EAO များကို တက်ရန် ကမ်းလှမ်းခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူ တဦးကလည်းစစ်ခေါင်းဆောင်သည် မြန်မာပြည်၏ အခြေအနေ အရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီဟု အင်အား ပြသလိုသောကြောင့် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ပွဲ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြီးအကျယ်ကျင်းပရန်ပြင်ဆင် ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုသည် ဆွေးနွေးပွဲသို့ တက်ရောက်ကြမည် မဟုတ်ကြောင်း ၎င်းက ယခုကဲ့သို့ဆိုသည်။

၎င်းက “သူ့ဘက်က ကြိုးစားနေတာတော့ ပေါ်လွင်တယ်။ အခုက ဘယ်သူမှ အသေတွက်လို့မရဘူး။ အခုဖြစ်နေတဲ့ ဒုက္ခက အဲဒါပဲ။ RCSS တောင်သွားပါ့မလား။ ဝ က သွားရင်တော့ SSPP နဲ့ မိုင်းလားသွားနိုင်တယ်။ ဝ မသွားရင်တော့ သွားမှာမဟုတ်ဘူး” ဟု ပြောသည်။

ဆက်လက်၍ နိုင်ငံရေးလေ့လာသူတဦးက အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းလွှင့်နေသော်လည်း လက်နက်ကိုင် အာဏာသိမ်းထားသည့် စစ်ကောင်စီ၏ စကားကို မည်သည့် အဖွဲ့အစည်းကမှ ယုံကြည်ကြလိမ့်မည်မဟုတ်ကြောင်း ဆိုသည်။ စစ်ကောင်စီ၏ ပြောစကားကို ယုံကြည်ပြီး ပွဲသွားတက်ပါကလည်း ပွဲတက်သည့် EAO အဖွဲ့သည် ပြည်သူလူထု၏ အမျက်ဒေါသနှင့် ဝေဖန်ပြစ်တင်မှုကို ခံရနိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။

မည်သို့ပင်ဖြစ်စေ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်တွင် ၎င်းကို ထောက်ခံသူများဖြင့် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဗိုလ်ရှုသဘင်အခမ်းအနားလည်း နောက်မဆုတ်ဘဲ လုပ်ဆောင်သွားရန် စိုင်းပြင်နေသည့် အနေအထားရှိနေပေသည်။

Loading