အာဏာသိမ်း စစ်ကောင်စီက မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ၂၀၂၀ ရွေးကောက် ပွဲနှင့် ပတ်သက်၍ ထပ်တိုး တရားစွဲထားသည့် အမှု နှစ်ခုအနက် အမရပူရမြို့နယ်မှ အမှုကို စွဲချက်တင် အမိန့်ချ လိုက်ကြောင်း ရှေ့နေအဖွဲ့ထံက သိရသည်။
စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလို လုပ်၍ အမရပူရမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ) ဖြင့် တရားစွဲခဲ့သလို အောင်မြေသာစံမြို့နယ် တရားရုံးတွင်လည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“ရွေးကောက်ပွဲဆိုင်ရာ အမှုတွေထဲက အမရပူမြို့နယ် ကော်မရှင်အမှုက စွဲချက်တင်ပြီးပြီ။ ပြန်ခေါ် သက်သေတွေကို စစ်နေတယ်။ အောင်မြေသာစံမြို့နယ်က ကော်မရှင်အမှုက အခု လာမယ့် ရုံးချိန်းမှာ စွဲချက်တင်မယ့် အဆင့်ရောက် သွားပြီ။ ရုံးချိန်းကို ဖေဖော်ဝါရီ ၉ ရက်မှာ ချိန်းဆိုထားတယ်” ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ထပ်တိုး အမှုများကို အိုးဘိုထောင်တွင်း အထူးတရားရုံးဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စစ်ဆေးနေခြင်းဖြစ်ပြီး အမရပူရမြို့နယ် တရားရုံးက စွဲချက်တင်ရာတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မများဖြင့် စွဲချက်တင်ရမည့်အစား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၀ (စ)ဖြင့် စွဲချက်တင်ခဲ့ခြင်းဟု သိရသည်။
“ဒေါက်တာ ဇော်မြင့်မောင်ကတော့ လက်ရှိ တရားစီရင်ရေးအပေါ်မှာ အမြင်က ရှင်းပါတယ်။ သူတို့ကို စွဲထားတဲ့ အမှု တွေနဲ့ ပတ်သက်ပြီးတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် ထောင်ချမယ်ဆိုတာကို ကြိုတွက်ထားပြီးသား။ တရားသူကြီးတွေ၊ ဥပဒေ အရာရှိတွေကိုတောင် ခင်ဗျားတို့လည်း အမှုကို စစ်သာ စစ်နေရတာ၊ ကျေးဇူးတင်ပါတယ်တဲ့။ ဒါပေမယ့် ခင်ဗျားတို့လည်း ဘာမှ မလုပ်ရဲဘူး။ ဟိုက ကျနော့်တို့ကို စွဲထားတဲ့အမှုတွေနဲ့ အကုန်လုံး ထောင်ချမှာပဲ ဆိုပြီးကို ပြောတာ” ဟု အကျိုးဆောင်အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ထို့ပြင် မန္တလေးတိုင်း တရားလွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့် အမှုများသည်လည်း တရားလိုနှင့် သက်သေများကို စစ်ဆေးနေဆဲဟု သိရသည်။
“ဆရာဇော်က ထောင်မှုး၊ ထောင်ပိုင်တွေရှေ့မှာလည်း ပြောစရာရှိရင် အာမနာတမ်းကို ပြောတာဗျ၊ သူပြောတာမှာ ကျနော် အခုက ဘာမှ မကြာသေးဘူး၊ အရင်က အနှစ်၂၀ တဲ့၊ ငါက သင်တန်းကျောင်းတက်လာတာ ဝါရင့်နေပြီလို့ ရယ်စရာလို လုပ်ပြောနေသေးတာ။ အဲဒီလိုပြောတော့ ကျနော်တို့တောင် တွေးမိသွားသေးတာပေါ့၊ ဒီလူဟာ ဝါရင့်နိုင်ငံရေးသမား ပီသတယ်လို့” ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ဒေါက်တာဇော်မြင့်မောင်ကို အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က)တို့ဖြင့် တရားစွဲထားမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း ဒီဇင်ဘာလ ၈ ရက်က အမိန့်ချမှတ်ထားပြီး ဖြစ်သည်။
ထိုသို့ အမိန့်ချခံထားရသော်လည်း ဒေါက်တာ ဇော်မြင့်မောင် အနေဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု၊ အမရပူရမြို့နယ်တရားရုံးနှင့် အောင်မြေသာစံမြို့နယ် တရားရုံးများတွင် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)/ ၁၃၀ (က) အမှုများကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) သည် ရွေးကောက်ပွဲ၌ မလျော်သြဇာသုံးမှု(သို့) သူတပါး အယောင်ဆောင်မှု ဖြစ်ပြီး မည်သူမဆို ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးမှု (သို့) သူတပါး အယောင်ဆောင်မှုကို ကျုးလွန်၍ အပြစ်ရှိ ကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ၁ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်ဟု ပြဋ္ဌာန်းထားသလို ခြွင်းချက်အနေဖြင့် ပါလီမန်ဆိုင်ရာ လွှတ်တော် တရပ်ရပ်နှင့် စပ်လျဉ်း၍၊ သူတပါး အယောင်ဆောင်မှု ကျုးလွန်လျှင်၂ နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ် လည်းချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားချက် များအရ သိရသည်။
အလားတူ ရာဇသတ်ကြီး ဥပဒေ ၁၃၀-က သည် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လျှင် ၃ နှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့အတူ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့်အတူ အာဏာသိမ်း စစ်ကောင်စီ၏ တရားစီရင်ရေးဖြင့် ထောင် ဒဏ်များ အသီးသီး ချမှတ်ခံထားရသည့် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးများလည်း ကျန်းမာရေး ကောင်းမွန်စွာ ရှိကြသည်ဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
You may also like these stories:
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
ဒေါက်တာဇော်မြင့်မောင်ကို ပုဒ်မနှစ်ခုဖြင့် ထပ်မံ တရားစွဲ