ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ယမန်နေ့ ညနေပိုင်းက တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြားတွင် အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် ညနေပိုင်းက ကြိမ်ချောင်းဘက်မှ အရပ်သား ကား ၁ စီးဖြင့် လိုက်ပါလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ယင်းမြို့နယ် ဖက်ဝန်းချောင်းကျေးရွာနှင့် ငန်းချောင်းကျေးရွာကြားတွင် AA တပ်ဖွဲ့ဝင်များက တိုက်ခိုက်ရာ ထိုတိုက်ပွဲကြား အရပ်သား ကားဒရိုင်ဘာ ၁ ဦးနှင့် ကားပိုင်ရှင် အမျိုးသမီးတဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ဖက်ဝန်းချောင်း ကျေးရွာသားတဦးက “မနေ့က ညနေ ၁၁ နာရီကျော်လောက်မှာ ပစ်ခတ်သံတွေ မိနစ် ၂၀ ကျော်လောက် ကြား ရတယ်။ လူအိပ်ချိန်ဆိုတော့ ဖြစ်တဲ့ အခြေအနေတော့ မသိဘူး။ မနက် မိုးလင်တဲ့အခါ ရဲစခန်းက ခင်များတို့ ရွာက အမျိုးသမီးတဦး ဒီလို ဒီလို ဖြစ်တာကြောင့် သေဆုံးနေတယ် ဆိုပြီးတော့ အကြောင်းကြားလာတဲ့ အချိန်မှ ကျနော်တို့လည်း သိရတာ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲအတွင်း သေဆုံးသွားသည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးမှာ ဖက်ဝန်းချောင်းကျေးရွာမှ ဖြစ်သလို သေဆုံး သွားသည့် အသက် ၂၀ ကျော်အရွယ် ကားဒရိုင်ဘာမှာလည်း ငန်းချောင်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့ပေါ် အရပ်ဘက် လူမှုကူညီရေး အဖွဲ့ဝင်တဦးကလည်း အရပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိသည်ဆိုသည့် သတင်းကြောင့် ကနဦး မောင်တော ဆေးရုံသို့ ပို့ဆောင်နိုင်ရေး ပြင်ဆင်ခဲ့သော်လည်း သေဆုံးသွားပြီ ဆိုသည့်အတွက် အရေးပေါ် လူနာတင်ကား ပြန်လည့်လာခဲ့ကြောင်း ပြောသည်။
စစ်ကောင်စီတပ်များသည် မီးတိုက်ကျေးရွာအနီး လက်ပံတောင်တန်း တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်များကို အရပ်သားကားဖြင့် သယ်၍ ထွက်လာစဉ် AA က ကြားဖြတ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ထိုသို့တိုက်ခိုက်ခံရသည့်အတွက် ကားပေါ်တွင် ပါလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံး ဒဏ်ရရှိကာ ရုပ်အလောင်းများကို ညတွင်းချင်း သယ်ယူသွားပြီးနောက် မနက်ပိုင်းတွင် အရပ်သား ၂ ဦး၏ ရုပ်အလောင်းကို လာသယ်ရန် အကြောင်းကြားလာခြင်း ဖြစ်ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ အား ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်အပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
လက်ရှိအချိန်တွင် မောင်တောမြို့နယ်မြောက်ပိုင်း၌ စစ်ကောင်စီ တပ်ဖွဲ့များက ကားလမ်းကို ပိတ်ပင်ထားသည့်အတွက် ခရီးသည်တင်လိုင်းကားများမှာလည်း ရပ်တန့်ထားရပြီး တချို့နေရာများတွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေ ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်၏ အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်း မီးတိုက်ကျေးရွာ၏ အရှေ့မြောက် လက်ပံတောင်တန်း တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ဖေဖော်ဝါရီလ ၄ ရက်နှင့် ၆ ရက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်။
တိုက်ပွဲဖြစ်ပွားမှုမှာ AA တပ်ဖွဲ့ဝင်များ စခန်းချနေထိုင်သည့် လက်ပံ တောင်တန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင် ရောက်ပြီး အလစ်အငိုက် တိုက်ခိုက်သည့်အတွက် တကျော့ပြန် တိုက်ပွဲ ပြန်လည် စတင်ခဲ့ခြင်း ဖြစ်ကာ ဆက်လက်ပြီး တိုက်ပွဲ ကျယ်ပြန် လာနိုင်မှု ရှိမရှိ ဆိုသည်ကိုမူ အာဏာသိမ်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှု အပေါ်တွင်သာ မူတည် ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဆိုသည်။
စစ်တပ်နှင့် AA တို့ကြား အောက်ခြေတွင် စစ်ရေး တင်းမာနေချိန် ကျောက်တော်မြို့ ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များအတွင်း ညနေ ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ အား ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ဒေသ အာဏာပိုင် များက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။
ပြီးခဲ့သော ဇန်နဝါရီလ ၁၇ ရက်ကလည်း ကျောက်တော်မြို့နယ်၊ AA တပ်ဖွဲ့ဝင်များ ရှိရာ ပီချောင်းဒေသအတွင်းသို့ အာဏာသိမ်း စစ်တပ်က ဝင်ရောက် စစ်ရေး လှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်လုလု အနေအထား ဖြစ်ခဲ့သဖြင့် အနီး ဝန်းကျင်ကျေးရွာသများ ထွက်ပြေး တိမ်ရှောင်ခဲ့ကြရသည်။
အာဏာသိမ်း စစ်တပ်နှင့် AA တို့သည် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလဆန်းပိုင်းကတည်းက နှစ်ဖက်ယာယီ တိုက်ပွဲများကို ရပ်တန့် ထားခဲ့သော်လည်း အောက်ခြေတွင် နှစ်ဖက်တပ်များ မကြာခဏ ဆိုသလို စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်ကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် မောင်တောမြို့နယ် မြောက်ပိုင်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့ပြီး ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့ကြသည်။
You may also like these stories:
မောင်တောတွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာနေ
စစ်တပ်နှင့် AA တိုက်ပွဲပြန်ဖြစ်ပြီး နှစ်ဘက် စစ်ရေးပြင်