အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရသည့် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုတွင် တာဝန်ရှိသူများဟု ယူဆ ရသော လေတပ်အရာရှိများ၏ နေအိမ်များ ဆက်တိုက်ဆိုသလို တိုက်ခိုက်ခံရမှုများ ရှိလာကြောင်း သိရသည်။
စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများကို လေ ကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် အရပ်သား အများအပြား ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်။
ထိုတိုက်ခိုက်မှုများတွင် ပါဝင်သည့် လေတပ်အရာရှိများ၏ ကိုယ်ရေး အချက်အလက်များနှင့် လိပ်စာများ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာပြီးနောက် အဆိုပါ အရာရှိများ၏ နေအိမ်များကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက တိုက်ခိုက်မှုများ စတင် လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ရန်ကုန် ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက “လေတပ် အရာရှိတွေရဲ့ နေအိမ်တွေကို တိုက်ခိုက်နေတာက မှန်ပါ တယ်။ ထိခိုက် ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူး” ဧရာဝတီသို့ အတည်ပြု ပြောသည်။
ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၊ သစ္စာလမ်းရှိ လေတပ် အရာရှိတဦးဖြစ်သူ ဗိုလ်ကြီး ပြည့်ဖြိုးကျော်၏ နေအိမ်အား ဗုံးခွဲ တိုက်ခိုက်ခံရသလို ပြီးခဲ့သည့် သီတင်းပတ် ၁ ပတ်ကျော်အတွင်း ရန်ကုန်မြို့၌ နေထိုင်သော စစ်ကောင်စီ ၏ လေတပ်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူး ကြီးနှင့် ဗိုလ်ကြီး အဆင့်ရှိ အနည်းဆုံး အရာရှိ ၄ ဦး၏ နေအိမ်များကို လက်လုပ်ဗုံးနှင့် ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း အဆိုပါ ပြောက်ကျားအဖွဲ့က ပြောသည်။
ထို့အတူ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဗိုလ်မှူးကြီး အောင်မျိုးကျော် နေအိမ်အနီး၊ ရန်ကင်း မြို့နယ်မှ ဒုဗိုလ်မှူးကြီး ထက်နောင်တင့်၊ ဒလမြို့နယ်ရှိ ဒုဗိုလ်မှူးကြီး ရန်နိုင်ဝင်း တို့၏ နေအိမ်များလည်း တိုက်ခိုက်ခံရ ကြောင်း သိရသည်။
မြောက်ဥက္ကလာမြို့နယ်ရှိ ခေတ္တ လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးကြီး အောင်မျိုးကျော် နေအိမ်အနီး ဖေဖော်ဝါရီ ၃ ရက်က ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီး ထပ်မံ တိုက်ခိုက်မည်စိုး၍ ရပ်ကွက်အတွင်း၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လုံခြုံရေး တင်းကျပ်ခြင်း၊ ကင်းလှည့်ခြင်း၊ စစ်ဆေးမှုများ လုပ်ဆောင်ခြင်း၊ ဧည့်စာရင်းများ စစ်ဆေးခြင်း အစရှိသည်များကို ပြု လုပ်လျက်ရှိကြောင်း ရပ်ကွက် နေထိုင်သူများက ပြောဆိုသည်။
ထိုသို့ လေတပ်မှ အရာရှိများ၏ နေအိမ်များ တိုက်ခိုက်ခံလာရခြင်းကြောင့် အခြားသော လေတပ်အရာရှိများ၏ နေ အိမ်များကိုလည်း လုံခြုံရေး တင်းကျပ်မှုများ လုပ်ဆောင်ထားလျက်ရှိကာ၊ လေတပ်အရာရှိတချို့လည်း နေအိမ်များကို တိတ်တဆိတ် ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
ဇန်နဝါရီ ၃၁ ရက် ညပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ လေတပ်အရာရှိတဦး၏ နေအိမ်ကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင် အခြား ပြည်သူတဦး နေအိမ်ရှေ့၌ မှားယွင်း ဗုံးပေါက်မှု ဖြစ်ပွားခဲ့ပြီး၊ ထိခိုက်ပျက်စီးမှု မရှိကြောင်း ကာယကံ ရှင်များ၏ Facebook အကောင့်က ရေးသားထားသည်။
၎င်း၏ ခြံရှေ့တိုင်ထောင့်တွင် ဗုံးပေါက်သွားပြီး ၎င်းမှာမူ ထိုအိမ်တွင် နေထိုင်ခြင်း မရှိဘဲ ပြည်ပတွင် ရှိနေကြောင်းလည်း Facebook ကတဆင့် ပြောဆိုထားသည်။
မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်လျက်ရှိသော Mi 35၊ Mi17 တိုက်ခိုက်ရေးရဟတ်ယာဉ် မောင်းနှင်သော လေတပ်အရာရှိများ နှင့် တောင်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှ အရာရှိများစာရင်း အမည်ရှိ ကိုယ်ပိုင် အမှတ်အပါအဝင် အမည်နှင့် လိပ်စာများ ပါဝင်သည့် လေတပ်အရာရှိ ၅၄ ဦး၏ စာရင်းမှာ လူမှုကွန်ရက်မီဒီယာများပေါ်တွင် ပြီးခဲ့သည့်လပိုင်းများအတွင်းက ပျံ့နှံ့လာခဲ့သည်။
ဧရာဝတီက ပြုစုထားသော စာရင်းများအရ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာ သိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ အကုန်မှ ဒီဇင်ဘာ ၂၀ ရက်ထိ ၉ လဝန်းကျင်တွင် ကချင်၊ ရှမ်း၊ ချင်း၊ ကယား၊ ကရင် ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မကွေးတိုင်းများ အပါအဝင် ပြည်နယ်နှင့် တိုင်း ၈ ခုတွင် စစ်တပ်က လေကြောင်း စစ်ဆင်ရေးကို ရက်ပေါင်း ၆၀ ခန့် အထိ အသုံးပြုခဲ့သည်။
တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်းနှင့် ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ အကြိမ်ပေါင်း ၁၀၀ ကျော်အထိ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်ကဆိုလျှင် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ရှိ စစ်ဘေးရှောင် စခန်းတခု အား စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်လည်း ရှိသည်။
ထိုလေကြောင်း တိုက်ခိုက်မှုများကြောင့် ကျေးရွာအများအပြား ပျက်စီး ဆုံးရှုံးခဲ့သလို ဒေသခံ ထောင်နှင့်ချီကာ စစ် ဘေးရှောင် နေရလျက်ရှိသည်။
You may also like these stories:
မြန်မာ့လေတပ်ကို အမှီပြု၍ ကြီးပွားလာသူ (သို့မဟုတ်) ဦးကျော်မင်းဦး
မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်
အင်အားသုံးဖို့သာ နားလည်သည့် မြန်မာစစ်တပ်
ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ
စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့တောင်းဆို
သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ