တယ်လီနော မြန်မာရောင်းချမှုတွင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်များ၊ စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ဆက်နွယ်နေသော ရွှေဗျိုင်းဖြူကုမ္ပဏီ ပါဝင်လာမှုကြောင့် လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်ခြင်းကို ခံနေရသည်။
တယ်လီနောမြန်မာကို ပြီးခဲ့သည့်နှစ် ဇူလိုင်လက လက်ဘနွန်အခြေစိုက် M1 မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ဝယ်ယူခဲ့သော်လည်း စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်တွင်းကုမ္ပဏီတခုနှင့် ပူးပေါင်း ဆောင်ရွက်မှသာ ရောင်းဝယ်ခွင့်ပြုမည်ဟု ဖိအားပေးသဖြင့် M1 က ရွှေဗျိုင်းဖြူကုမ္ပဏီအား ရှယ်ယာ ၄၅ ရာခိုင် နှုန်း ဝယ်ယူခွင့်ပေးပြီးနောက် Investcom ဆိုကာ ဖက်စပ်ထူထောင်ကြသဖြင့် စစ်ကောင်စီက ၎င်းကုမ္ပဏီအား လုပ်ငန်း လုပ်ခွင့် ပေးရန် စီစဉ်နေကြောင်း သိရသည်။
ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုမှာ မြန်မာစစ်တပ်နှင့် ဗီယက်နမ်စစ်တပ်တို့ကြား ပူးပေါင်းလုပ်ကိုင်သော ဆက်သွယ်ရေးအော်ပရေ တာ MyTel တွင် ရှယ်ယာပါဝင်သည့် မဟာရိုးမအများပိုင်ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူ ဦးသိန်းဝင်းဇော်က ပိုင်ဆိုင်သည်။
ဦးသိန်းဝင်းဇော်သည် မြန်မာစစ်တပ်၏ ရေတပ်ချုပ်ဟောင်းများ ဖြစ်ကြသည့် ဒုဗိုလ်ချုပ်ကြီး စိုးသိန်းနှင့် လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန် ကြီးဌာန၏ ဒုတိယဝန်ကြီး တာဝန်ယူခဲ့သူ ဦးတင့်လွင်နှင့် နီးစပ်သည့် ကုမ္ပဏီ တခုဖြစ်သည်ဟု သိရသည်။
ထို့သို့ သတင်းများထွက်ပေါ်လာပြီးနောက် အရပ်ဘက်အဖွဲ့အစည်းများက နော်ဝေးအစိုးရထံသို့ တယ်လီနောမြန်မာ ရောင်း ချမှုကို ကန့်ကွက်ကြောင်း စာပို့တိုင်ကြားမှုများနှင့် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများဆိုင်ရာ သုတေသနဌာန (SOMO)၏ ပံ့ပိုးမှုဖြင့် နော်ဝေအခြေစိုက် SANDS ဥပဒေအကျိုးဆောင် ကုမ္ပဏီမှတဆင့် မြန်မာနိုင်ငံသား ၁ ဦးကလည်း ကန့်ကွက်လွှာ တင်ခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။
တယ်လီနောမြန်မာ ရောင်းချမှုအား နော်ဝေအစိုးရ အနေဖြင့် အရေးတကြီး ရပ်တန့်ရမည်ဖြစ်ပြီး မရပ်တန့်ပါက အများပြည် သူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ကောင်စီနှင့် ကြံရာပါဖြစ်မည် ဖြစ်ကြောင်း မြန် မာ့လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖြစ်သော Justice For Myanmar က ထုတ်ပြန်ထားသည်။
“တယ်လီနော အနေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကို ရောင်းချဖို့ တရားမဝင် စစ်ကောင်စီနဲ့ ကြံရာပါ ပတ်သက်လုပ်ဆောင် နေတာ၊ ဝယ်ယူသူ ဘယ်သူဖြစ်တယ် ဆိုတာကို ဖုံးကွယ်နေတာက စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက “တယ်လီနောအုပ်စုရဲ့ အများစု ပိုင်ဆိုင်သူ နော်ဝေအစိုးရအနေနဲ့ အဲဒီရောင်းချမှုကြောင့် ဖြစ်ပေါ် လာမယ့် ပြည်သူတွေအပေါ် ကြီးမားတဲ့ ထိခိုက်ခံစားရမှုတွေအတွက် တာဝန်ရှိပါတယ်။ နော်ဝေအစိုးရအနေနဲ့ အဲဒီ ရောင်း ချမှုကို ချက်ချင်း ရပ်တန့်ရပါမယ်။ မြန်မာစစ်ကောင်စီနဲ့ တယ်လီနောရဲ့ အရောင်းအဝယ် ညှိနှိုင်းမှုတွေကို စုံစမ်းစစ်ဆေးရပါ မယ်” ဟု ဆိုသည်။
တယ်လီနောမြန်မာ၏ ယခု အရောင်းအဝယ် အောင်မြင်သွားပါက တယ်လီနောသုံးစွဲသူ မြန်မာပြည်သူ ၁၈ သန်း၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ စစ်ကောင်စီဆီသို့ ကျရောက်သွားနိုင်မည့် အန္တရာယ်သည် လွန်စွာ စိုးရိမ်စရာကောင်း သည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုသည်။
တယ်လီနောမြန်မာကို ရောင်းချရာတွင် သုံးစွဲသူ ၁၈ သန်းကျော်၏ ပုဂ္ဂိုလ်ရေး အချက်အလက်ဆိုင်ရာ လုံခြုံမှုကို ချိုးဖောက်နေပြီး ဆက်သွယ်ရေးကုမ္ပဏီများ လိုက်နာရသည့် နိုင်ငံတကာစည်းမျဉ်း တခုဖြစ်သော ဥရောပသမဂ္ဂ၏ GDPR (အထွေထွေအချက်အလက် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း) ကို ဖောက်ဖျက်ရာရောက်ကြောင်း နိုင်ငံတကာကော် ပိုရေးရှင်းကြီးများဆိုင်ရာ သုတေသနဌာန (SOMO) က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီဘက်က တယ်လီနောမြန်မာ အရောင်းအဝယ်ကိစ္စအား တိုးတိုးတိတ်တိတ်ဖြင့် လျှို့ဝှက်စွာ လုပ်ဆောင်လျက် ရှိသလို တယ်လီနောဘက်လည်း ယခုအချိန်အထိ တစုံတရာ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
You may also like these stories:
တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
မြန်မာနိုင်ငံတွင် ဆက်ရှိနေရေး မဖြစ်နိုင်ဟု တယ်လီနော ကြေညာ