မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၌ ယနေ့နံနက် ၅နာရီခန့်မှစကာ စစ်ကောင်စီတပ်များ က ပိတ်ဆို့ပြီး တအိမ်တက်ဆင်းရှာဖွေကာ ဒေသခံ ၁၅ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
အိမ်ထောင်စုဇယားနှင့် လူဦးရေ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသလို၊ စစ်ဆေးပြီးသည့် နေအိမ်များအား စစ်ဆေးပြီးကြောင်းအမှတ်အသား တံဆိပ်ကပ်သွားသည်ဟု ဒေသခံများက ဆိုသည်။
“ရပ်ကွက်အဝင်အထွက် လမ်းတွေကို ပိတ်ဆို့ထားပြီးမှ စစ်ဆေးတာတွေကို လုပ်သွားတာ။ မနက်နေတောင် မထွက်သေး ဘူး။ ဘာအကြောင်းပြချက်မပါဘဲ၊ တရပ်ကွက်လုံးကို ပိတ်ပြီး အိမ်ပေါက်စေ့ ဝင်မွှေသွားတာ၊ သူတို့နဲ့ စကားအခြေ အတင် ဖြစ်တဲ့ လူ ၁၅ ယောက်ကိုလည်း ဖမ်းခေါ်သွားကြတယ်” ဟု သံလျက်မှော် အနောက်ရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။
သံလျက်မှော်အနောက်ရပ်ကွက်အတွင်း၌ လက်နက်၊ ခဲယမ်းများနှင့် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရ သဖြင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးပိုင်းက အမည်မဖော်လိုသူ သတင်းရင်း မြစ်တဦးက အတည်ပြုပြောပြသည်။
ရပ်ကွက်ဒေသခံများကမူ ယခုလို လုပ်ဆောင်ခြင်းမှာ သံလျက်မှော် အနောက်ရပ်ကွက် တောင်ငံပြာရည်စုရပ်ကွက်နေ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သော အုပ်ချုပ်ရေးမှူးဟောင်း ဖေဖော်ဝါရီ ၇ ရက်နေ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ဆက်စပ်ကာ ပြုလုပ်ကြခြင်းဟု သုံးသပ်ပြောဆိုကြသည်။
သံလျက်မှော်အနောက်ရပ်ကွက်ကြီးတွင် အကွက် ၁၈ ခုအထိ ပါဝင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၃ ကြိမ်ထက် မနည်း ဗုံးခွဲ တိုက်ခိုက်ခံထားရသလို၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတဦးနှင့် စစ်ကောင်စီသတင်းပေး ဒလန်တဦးတို့ လည်း ပစ်သတ်ခံထားရသည်။
ထို့အပြင် စစ်ကောင်စီခန့် ရာအိမ်မှူးများနှင့် စစ်ကောင်စီသတင်းပေး ဒလန်များကြောင့် ဇန်နဝါရီလကုန်ပိုင်းက သံလျက် မှော် အနောက်ရပ်ကွက်အတွင်းမှ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးခံထားရသည်။