ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် နေရပ်ပြန်ရန် မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ပင် ၄နှစ် တကြိမ် သက်တမ်းတိုးနိုင်တော့မည်ဟု့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အား ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖေဖော်ဝါရီလ ၃ရက်က ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်ခွင့် ပြုထားသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံမှ အလုပ်သ မားများအား ထိုင်းအစိုးရက ၂ နှစ် နေထိုင်အလုပ်လုပ်ကိုင်ခွင့်၊ ၂ နှစ်သက်တမ်းတိုးခွင့်နှင့် စုစုပေါင်း ၄ နှစ်တာ ထိုင်း နိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင် ခွင့်ပြုထားခြင်းဖြစ်ပြီး ယင်း သက်တမ်း ၄ နှစ် ပြည့်သွားပါက မိမိတို့ နေရပ်နိုင်ငံသို့ ပြန်၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုကာ ပြန်လည် ခေါ်ယူခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေခြင်းနှင့် အလုပ်သမား ရှားပါးပြတ်လပ်မှုများ ကြောင့် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း၌ပင် သက် တမ်းတိုးခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “ဒီအစီအစဉ်က ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်တော့ အများကြီး အဆင်ပြေသွားနိုင်တယ်။ ကိုယ့်ရဲ့ နေရပ်တိုင်း ပြည်တွေကို ပြန်ပြီးလုပ်ကြတဲ့အခါ ကိုဗစ်မဖြစ်ခင်က လုပ်တာကို ကြည့်လိုက်ရင် ၄ နှစ်ပြည့်တဲ့ လုပ်သားတွေကို သူ့ရဲ့ ကုမ္ပဏီက နေရပ်တွေကို ပြန်လည် ပို့ဆောင်ရတယ်။ ကုန်ကျစရိတ်တွေ ရှိတယ်။ ပြီးရင် မြန်မာပြည်တွင်းမှာ အေဂျင် စီတွေနဲ့ အစိုးရနဲ့ အဆင့်ဆင့် လုပ်ငန်းစဉ်တွေ သွားတဲ့အခါမှာ ရက် ၆၀ ကျော်လောက်ထိ အချိန်ပေးရတယ်” ဟု ရှင်းပြသည်။
ထိုသို့ ရက်ပေါင်း ၆၀ ခန့် အချိန်ပေးရသည့် ကာလအတောအတွင်း လုပ်သားများ အနေဖြင့် ၎င်းတို့၏ နေ့စဉ်ဝင်ငွေ ထိခိုက်ဆုံးရှုံးသလို ခရီးသွားလာခြင်း၊ နေထိုင်တည်းခိုခြင်း စသည့် စရိတ်များလည်း ကုန်ကျမှုများ ရှိကြောင်း ၎င်းက ပြောသည်။
ဦးအောင်ကျော်က “နေရပ်ရင်းကို ပြန်စရာမလိုဘဲနဲ့ မိမိအလုပ်လုပ်ကိုင်နေတဲ့ စက်ရုံမှာပဲနေရင်း သက်တမ်းတိုးရမယ် ဆိုတော့ မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကို ဟန့်တားပေးနိုင်မှာ ဖြစ်သလို နေ့စဉ်ဝင်ငွေလည်း ပုံမှန်အတိုင်း ရရှိနေ မှာ ဖြစ်တယ်။ အလုပ်သမားတွေအတွက် များစွာအကျိုးရှိမယ့် ကိစ္စလို့ သုံးသပ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
အဆိုပါ သက်တမ်းတိုးနိုင်မည့် အစီအစဉ်အား ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြု ပြောကြားထားပြီး ဖြစ်သော်လည်း မည်သည့်နေ့ရက်တွင် စတင် လုပ်ကိုင်နိုင်မည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
သက်တမ်းတိုးနိုင်မည့် နေရာကို ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများ လုပ်ကိုင်ပေးသည့် စမွတ်ဆာခွန်ပြည်နယ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်အခြေအနေအပေါ် မူတည်၍ လုပ်ကိုင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ လုပ်သားရှားပါးမှုပြဿနာ ဖြေရှင်းရန်အတွက် MoU စနစ်ဖြင့် လုပ်သားအသစ် ထပ်မံခေါ်ယူမည့် လုပ်ငန်း စဉ်မှာလည်း ကိုဗစ်အခြေအနေနှင့် ကုန်ကျစရိတ် ပြဿနာများကြောင့် နှောင့်နှေးနေဆဲ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၁၅ သန်း ရှိပြီး တရား မဝင် ဝင်ရောက်နေထိုင် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်မှာလည်း ၁ သန်းကျော် ရှိနေ ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ နေ့စဉ်နှင့်အမျှ ရှိနေပြီး ၂၀၂၂ ဇန်နဝါရီမှ ယခုလအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၀၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း သိရသည်။