ချစ်ခြင်းမေတ္တာ “Love” ပါတဲ့ Revolution ကျောက်စီပန်းချီကားနဲ့ ပရိသတ်ကပေးတဲ့ ပြည်သူ့အကယ်ဒမီ ရွှေရင်ထိုး ၂ ခုကို သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံ နှစ်ဦးက ဒုတိယအကြိမ် Fundraising အလှူ အဖြစ် ရောင်းချသွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင် ဇဏ်ခီက “ကျနော်တို့ နှစ်ယောက် မြန်မာပြည်မှာ အနုပညာတွေ စလုပ်တယ်။ အထူးသဖြင့် ရုပ်ရှင် အနု ပညာပေါ့။ ကျနော်တို့ စိတ်နဲ့ တသားတည်း ထပ်တူကျတယ်။ Revolution (တော်လှန်ရေး) ဆိုတာ အဓိက ကတော့ ပြောင်းလဲမှုတခု စလုပ်တဲ့အချိန်မှာ စိတ်ထဲမှာ ဘာကြောင့် ပြောင်းလဲချင်တာလဲလို့ နက်နက်ရှိုင်းရှိုင်း မေးကြည့် ရင် အဓိကက LOVE (ချစ်ခြင်းမေတ္တာ) ပဲ” လို့ ပြောပြထားပါတယ်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့ရဲ့ တိုင်းပြည်၊ လူမျိုးရဲ့ အနုပညာ အဆင့်အတန်းတခုကို မြှင့်တင်ချင်တဲ့ စိတ်တခုနဲ့ ကျနော်တို့ နှစ်ယောက် တွန်းခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီ Portrait လေးက ကျနော်တို့ နှစ်ယောက်အတွက် အင်မတန်မှ မြတ်နိုးတန်ဖိုးထားရတဲ့ ပစ္စည်းလေး ဖြစ်နေတယ်” လို့ ပြောပါတယ်။
အဲဒီ ကျောက်စီပန်းချီကားဟာ ဇဏ်ခီတို့ ဇနီးမောင်နှံ နှစ်ဦး တန်ဖိုးထားရတဲ့ ပစ္စည်းဖြစ်ပြီး ရန်ကုန်မှာ နေထိုင်ခဲ့စဉ် ကလည်း အိမ်ဝင်ဝင်ချင်း မြင်သာတဲ့နေရာမှာ အမြတ်တနိုး ထားခဲ့တယ်လို့ သိရပါတယ်။
ဒီပစ္စည်းကို တသက်လုံး သိမ်းထားဖို့ ရည်ရွယ်ထားပေမယ့် အခုလို ခက်ခဲနေတဲ့ ကာလမှာ အဓိပ္ပာယ်ရှိစွာ လှူဒါန်း ချင်လို့ ရောင်းချဖြစ်ခဲ့တာပါလို့ ဇဏ်ခီက ဆိုပါတယ်။
ဇဏ်ခီက “ဒီပစ္စည်းလေးကို ဒီကာလမှာ ထည့်ပြီး မဲဖောက်တဲ့ထဲ ထည့်လိုက်ချင်ပါတယ်။ ကျနော်တို့ နိုင်ငံသူ၊ နိုင်ငံသား အားလုံး ဒုက္ခရောက်နေချိန်မှာ ဒီပစ္စည်းလေး ထည့်လိုက်ရတာ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ ကျနော်တို့အတွက် တန်ဖိုးကြီး တယ်။ ဒါကြောင့်မို့ ဒီပစ္စည်းလေးကို ဒီလိုကာလမှာ ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပါတယ်။
နောက်ထပ် ရန်ပုံငွေအလှူအဖြစ် ရောင်းချမယ့် ပစ္စည်းကတော့ ရွှေသားအတိနဲ့ ထွင်းထားတဲ့ “Zenn & Chris” “Proud of you” စာတန်းထိုး ထားတဲ့ ရင်ထိုး ၂ ခုဖြစ်ပြီး ဒီပစ္စည်းကတော့ ပြည်သူ့အကယ်ဒမီပွဲမှာ ခီမောင်နှံကို ပြည်တွင်းပြည်ပမှ ချစ် ခင်ကြတဲ့ ပရိသတ်တွေက ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုဆုပဲ ဖြစ်ပါတယ်။
“ဒီပစ္စည်းကလည်း ကျနော်တို့အတွက် တန်ဖိုးရှိပါတယ်။ မြတ်နိုးရတဲ့ တန်ဖိုးထားရတဲ့ ပစ္စည်းလေး ဖြစ်နေပါတယ်။ ဒါလေးကို ရောင်းပြီးတော့ ကျနော်တို့ ရသမျှ ရန်ပုံငွေတွေကို တိုင်းပြည်အတွက် ဒုက္ခရောက်တဲ့သူတွေ အကုန်လုံး လိုအပ်တဲ့ နေရာတွေမှာသုံးဖို့ ဆုံးဖြတ်ထားပါတယ်” လို့ ဇဏ်ခီက ဆိုပါတယ်။
ဒီတကြိမ်မှာတော့ Fundraising (ရန်ပုံငွေ) လက်မှတ် ဝယ်လို့ရတဲ့နေရာတွေ ထပ်တိုးလာပြီး ပထမအကြိမ်က အမေရိကန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း စတဲ့ ၄ နိုင်ငံမှာသာ ဝယ်ယူနိုင်ပေမယ့် ဒီတခေါက်မှာတော့ မလေးရှား၊ ဂျပန်၊ ဩစတြေးလျ၊ မြန်မာ စတဲ့ နိုင်ငံတွေမှာပါ လက်မှတ်ထပ်တိုး ဝယ်ယူနိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
ဇဏ်ခီတို့ ဇနီးမောင်နှံဟာ ပထမဆုံးအကြိမ် ရန်ပုံငွေ ရောင်းချမှုမှ အလှူငွေ သိန်းပေါင်း ၁၃၀၀ ဝန်းကျင် ရရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေများကို မြန်မာပြည်အတွက် လိုအပ်တဲ့ နေရာများထံ ပေးပို့လှူဒါန်းသွားမယ်လို့ ခီမောင်နှံက ပြောဆိုထားပါတယ်။
You may also like these stories:
ခီမောင်နှံ၏ Charity Program မှ အလှူငွေ သိန်းပေါင်း ၁၃၀၀ ဝန်းကျင် ရရှိ