ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ဗိုလ်မှူးအဆင့် အပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားကြောင်း သိရသည်။
မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ဖေဖော်ဝါရီ ၄ ရက်နှင့် ၆ ရက်များတွင် ဘူးသီးတောင် အခြေစိုက် ခမရ ၃၅၂ တပ်ရင်းမှ စစ်ကြောင်းနှင့် AA တပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA ဘက်မှ ကင်း သမား ၁ ဦး သေဆုံးခဲ့သလို စစ်တပ်ဘက်မှလည်း အရာရှိအဆင့် အပါအဝင် ထိခိုက်ကျဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် မောင်တောမြောက်ပိုင်း ဝေလာတောင်တန်း အနီးဝန်းကျင်တွင်လည်း ဖေဖော်ဝါရီ ၈ ရက်က စစ်တပ်၏ စစ်ကြောင်း ၂ ကြောင်းကို AA တပ်ဖွဲ့ဝင်များက ပိတ်ဆို့ တိုက်ခိုက်သည့်အတွက် တပ်ဖွဲ့ဝင် အများ အပြား သေဆုံးခဲ့သလို လက်နက်၊ ခဲယမ်းများနှင့်အတူ စစ်ကောင်စီ တပ်သားများကို AA က လက်ရဖမ်းမိကြောင်းလည်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။
ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက “တိုက်ပွဲ စဖြစ်တာက ၃၅၂ တပ်ရင်းကနေ လက်ပံတောင်ကြောကို ဝင်တိုက်တာမှာ AA ကင်းသမား ကျသွားတယ်။ နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေ တိုက်ပွဲအချိန် လျော့အောင် ညှိနှိုင်းတာ အဆင်ပြေပေမယ့် ကျနော်ကြားတာက AA က အဲဒီ ၅၃၂ စစ်ကြောင်းကို မကျေနပ်တဲ့အတွက် အလွတ်မပေးဘဲ ပိတ်ဆို့ပြီး ဆုတ်လမ်းကိုပါ ဖြတ်တိုက်တဲ့အတွက် တပ်က အရာရှိတွေပါ ကျတယ်လို့ သိရတယ်။ နောက်တခါ ဆေးဗိုလ်ကြီး တယောက်နဲ့အတူ တပ်ဖွဲ့ ဝင်တွေ တော်တော်များများ ဖမ်းမိထားတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံလာသည့် ရုပ်သံဖိုင်တခုတွင်လည်း ကျဆုံးတပ်ဖွဲ့ဝင်များကို မောင် တောမြို့နယ်အတွင်းရှိ တပ်နယ်မြေတခုတွင် အမိန့်ပြန်တမ်းဖတ်ပြီး အလေးပြုကာ သဂြိုဟ်ပေးနေသည်ကို တွေ့ရှိရသည်။
အဆိုပါ ကျဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၄ ရက်နှင့် ၆ ရက်က ဖြစ်ပွားသော မောင်တောမြို့ နယ်၊ မီးတိုက်ကျေးရွာအနီး လက်ပံတောင်တန်း တိုက်ပွဲအပြီး ဒဏ်ရာရ စစ်သည်များနှင့်အတူ ပြန်လာစဉ် ဖေဖော်ဝါရီ ၇ ရက် ည ၁၁ နာရီကျော်အချိန် ပက်ဝန်းချောင်းကျေးရွာနှင့် ငန်းချောင်းကျေးရွာအတွင်း AA တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု ကြောင့် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်သံဖိုင်တွင် ကြည်း – ၃၉၆၃၈ ဗိုလ်မှူး မြင့်ဆွေဝင်း၊ ကပ – ၆၆၃၀၆၂ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ ကပ -၈၀၄ ၃၇၇ တပ်ကြပ်သန်းထွေး၊ တ/၃၇၄ ၅၇၂ တပ်ကြပ်ယဉ်မြင့်၊ တ/ ၃၉၂၃၉ ဒုတပ်ကြပ် ဘတင်၊ တ/၅၁၁၈၈၈ တပ်သား ထိန်လင်းအောင်၊ တ / ၅၁၃၁၄၇ တပ်သား အောင်အောင် သင်တို့ သွားလိုရာ သွားလိုကြောင်း စသည်ဖြင့် ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅ ) မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ထင်ပေးပို့သည့် အမိန့်ပြန်တမ်းကို စစ်အရာရှိတဦးက ဖတ်ကြားနေသည်ကို တွေ့ရသည်။
မောင်တောမြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာနှင့် ငန်းချောင်းကျေးရွာကြား ဖေဖော်ဝါရီ ၇ ရက်၊ ညနေ ၁၁ နာရီကျော် အချိန် က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုတွင် စစ်တပ်က အရပ်သားများကို အသုံးပြုပြီး လိုက်ပါလာခြင်း ဖြစ်ကာ တိုက်ပွဲကြားတွင် အရပ်သား ၂ ဦး သေဆုံးခဲ့သည်။
မောင်တောမြို့နယ်အတွင်း စစ်တပ်နှင့် AA တို့ တကျော့ပြန် ဖြစ်ပွားသည့် ဝေလာတောင်တန်းနှင့် လက်ပံတောင်တန်း စသည့် နေရာသည် ARSA အဖွဲ့ လှုပ်ရှားသည့်နယ်မြေအဖြစ် သတ်မှတ်ကာ မူယစ်ဆေးဝါးနှင့် လက်နက်မှောင်ခို လမ်း ကြောင်း ရှိသည်ဟု စစ်တပ်က ယူဆပြီး ရှင်းလင်းချင်သကဲ့သို့ AA တပ်ဖွဲ့ တည်ရှိမှုကိုပါ ဖယ်ရှားနိုင်ရေး စစ်ကြောင်း တက်ရာမှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူ တဦးက သုံးသပ်သည်။
၎င်းက “တိုက်တဲ့ စစ်ကြောင်းက ပြုတ်သွားတယ်။ စစ်တပ်က ၁၀ ယောက်လောက် သေပြီး သုံ့ပန်း ၂၀ လောက် အဖမ်းခံ လိုက်ရတယ်။ အရာရှိ ၂/၃ ယောက် ပါမယ်။ ARSA ရှိတယ်လို့ ယူဆပြီး ရှင်းချင်တာ။ AA ကို မင်းတို့ ဖယ်ပေးပေါ့။ AA က ဘယ်ဖယ်မလဲ။ ကျနော် သိသလောက်ကတော့ AA က ဗျူဟာတခု ထိုင်ထားတာ ရှိတယ်။ စစ်တပ်က ခမောင်းဆိပ် ဗျူဟာလောက်နဲ့ ထိုးလို့မရဘူး။ သူ့မှာ အင်အားမရှိဘူး။ အကြီးအကျယ် ချရင်တော့ တမျိုးဖြစ်ရင် ဖြစ်မယ်။ ဒါလည်းပဲ ကျန်တဲ့ နေရာတွေမှာပါ ပွက်လောရိုက်ကုန်မှာ ဆိုတော့ စစ်တပ်က ပြန်ဘရိတ်အုပ်လိုက်တာနဲ့ တူတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိ အခြေအနေတွင် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ကြားခံပုဂ္ဂိုလ်များမှတဆင့် ဝင်ရောက် ညှိနှိုင်း သည့်အတွက် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲမှာ ငြိမ်သက်သွားသော်လည်း လာမည့် ပြည်ထောင်စု နေ့ (ဖေဖော်ဝါရီ ၁၂ ရက်) နောက်ပိုင်းတွင် နှစ်ဖက်တွေ့ဆုံမှုတခု ပြုလုပ်မည်ဟု သိရှိရပြီး ဆွေးနွေးမှု အဆင်မပြေပါက တိုက်ပွဲ ကျယ်ပြန့်လာနိုင်ကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။
You may also like these stories:
မောင်တောတွင် စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာနေ
စစ်တပ်နှင့် AA တိုက်ပွဲပြန်ဖြစ်ပြီး နှစ်ဘက် စစ်ရေးပြင်