အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန် ပြင်ဆင်ထားသည့် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ပွဲနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစု မတက်ကြသဖြင့် အောင်မြင်နိုင်ရေး မသေချာ ဖြစ်နေသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် ငြိမ်းချမ်းရေးအတွက် အကြိုဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်၌ နေပြည်တော်၌ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အားခဲထားခြင်းဖြစ်သည်။
အဆိုပါပွဲကို ၎င်းက ခမ်းခမ်းနားနားပြုလုပ်ရန် စီစဉ်ထားပြီး ဗိုလ်ရှုသဘင်အခမ်းအနားလည်း ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAOs များနှင့် NCA လက်မှတ် မထိုးရသေးသော EAOs များကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ပွဲ တက်ရန် အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၆ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်၍လည်း ဖိတ်ခေါ်ထားပြီး ၊ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ဖိတ်ခေါ်ထားကြောင်း စစ်ကောင်စီထံမှ သိရသည်။
စိန်ရတုပြည်ထောင်စုနေ့ပွဲ တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်ကာ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲတရပ် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ EAO များတက်ရောက် ဆွေးနွေးပါရန် အထူးဖိတ်ကြားပါကြောင်း စစ်ကောင်စီဘက်ကဆိုသည်။
သို့သော်လည်း ဆွေးနွေးပွဲတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခံရသူများ မပါဝင်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးရာ၌ ဆွေးနွေးမည့် အကြောင်း အရာနှင့် ပတ်သက်၍ ကြိုတင်ကန့်သတ်ချက် မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် စေ့စပ်ညှိနှိုင်း အဖြေရှာလိုကြောင်းပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီသည် မြန်မာနိုင်ငံတွင် တကျော့ပြန် ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေစဉ်မှာပင် လူစုလူဝေးဖြင့် အခမ်အနားကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာစုစုပေါင်း ၁၀၄၃ ဦးရှိကြောင်း ဖေဖော်ဝါရီလ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဆွေးနွေးပွဲတက်မည်ဆိုပါက EAOs များအား မည်သည့်နေရာတွင်မဆို ရဟတ်ယာဉ်သို့မဟုတ် လေယာဉ်ဖြင့် ကြိုပေးမည်ဟု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီက ကမ်းလှမ်းထားကြောင်း အွန်လိုင်းသတင်းဌာနတခုဖြစ်သည့် NP News သို့ပြောသည်။
ထို့သို့ စစ်ကောင်စီဘက်က ကမ်းလှမ်းထားသော်လည်း EAO အဖွဲ့အချို့သည် ဆုံးဖြတ်ပိုင်ခွင့်ရှိသူများအစား ကိုယ်စားလှယ်တဦးဦးကိုသာ စေလွှတ်မည်ဟု အကြောင်းပြန်လာကြောင်း ၊ စစ်ကောင်စီဘက်ကမူ အဖွဲ့အစည်းတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသူကိုသာ စေလွှတ်စေလိုသည်ဟု ပြောဆိုထားကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် NCA လက်မှတ်ထိုးထားသည့် EAO ၁၀ ဖွဲ့ရှိပြီး လက်မှတ်မထိုးရသေးသည့် EAO ၈ ဖွဲ့ရှိသည်။ အဆိုပါအဖွဲ့များအနက် အနည်းဆုံး ၈ ဖွဲ့က စစ်ကောင်စီ၏ စိန်ရတုပြည်ထောင်စုနေ့ပွဲသို့ တက်ရောက်မည်မဟုတ်ဘဲ အချို့သောအဖွဲ့များသည်လည်း ဆက်ဆံရေးရုံးတာဝန်ခံကဲ့သို့ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
လက်ရှိအာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်နေသည့် ကချင်လွတ်လပ်ရေးတပ် (KIA) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ် (MNDAA) ၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ပအို့အမျိုးသားလွတ်မြောက်ရေးတပ် (PNLO) တို့က စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲတက်ကြမည် မဟုတ်ကြောင်း စုံစမ်း သိရသည်။
ပုံမှန်အားဖြင့် စစ်ကောင်စီဘက်က ကျင်းပသည့် ငြိမ်းချမ်းရေးဆိုင်ရာ ပွဲလမ်းများတွင် သွားတက်လေ့ရှိသည့် ABSDF နှင့် PNLO တို့သည် လတ်တလောကာလတွင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဟုဆိုကာ စစ်ကောင်စီက ပြုလုပ်မည့် ပြည်ထောင်စုနေ့ပွဲကို မတက်ရန် ငြင်းဆန်ထားကြောင်း အဆိုပါအဖွဲ့များထံမှသိရသည်။
ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက “ကျနော်တို့အနေနဲ့ မတက်ဖြစ်ပါဘူးခင်ဗျ။ အခြေအနေ အခက်အခဲအရပ်ရပ် လက်ရှိအခြေအနေ အခက်အခဲအမျိုးမျိုးကြောင့်ပါ။ အခြေအနေဆိုတာက အားလုံးပါပါတယ်။ နိုင်ငံရေးအခြေအနေရော၊ ကိုဗစ်ကိစ္စရော၊ ခရီးသွားလာရေးကိစ္စရော အများကြီးပါပါတယ်” ဟုဆိုသည်။
ဆက်လက်၍ ၎င်းက လက်ရှိနိုင်ငံရေးအကြပ်အတည်းကို စစ်ကောင်စီအနေနှင့် ဖြေရှင်းလိုပါက ယခုကဲ့သို့ နေပြည်တော်ကို ခေါ်ယူခြင်းထက် EAO တဖွဲ့ချင်းနှင့် ဆွေးနွေးပါက ပိုပြီး သက်ရောက်မှုရှိနိုင်ကြောင်း ဆိုသည်။
PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း PNLO အနေနှင့် စိန်ရတုပြည်ထောင်စုနေ့ပွဲ သွားတက်သင့်ကြောင်း လက်ရှိ PNLO တာဝန်ရှိသူများကို တိုက်တွန်းထားသော်လည်း ၎င်းတို့က အကြောင်းအမျိုးမျိုးကြောင့် မသွားနိုင်သေးဟု စစ်ကောင်စီထံအကြောင်းပြန်ထားကြောင်းပြောသည်။
“အတွင်းရေးမှူး ၂ ယောက်ရှိတာ။ မအားမလပ်ဖြစ်နေကြတယ်။ နေမကောင်းဖြစ်နေကြတယ်ဆိုပြီးတော့ မသွားဖြစ်ဘူးလို့ အကြောင်းပြန်တယ်လို့ ပြောတာပဲ။ ကျနော်ပြောတာက ဆက်ဆံရေး ရုံးတာဝန်ခံလောက်တော့ လွှတ်ပါ။ ကိုယ်စားလှယ်လောက်တော့ သွားဖို့သင့်တယ်ပေါ့။ ပြောဆိုဆွေးနွေးတာမှာ ဘာမှမပြောလည်းရပါတယ်။ ကျနော်တို့ ပြန်ညှိပါဦးမယ်ဆိုပြီး ပြန်လာလည်းရတာပဲ။ လုံးဝ မသွားရင်တော့ ဆက်ဆံရေးပျက်ပြားနိုင်ပါတယ်လို့ အကြံပေးထားပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲသို့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၊ မိုင်းလားအဖွဲ့ (NDAA) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) နှင့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA) တို့က တက်ရောက်နိုင်ချေများနေကြောင်း သတင်းများထွက်နေသော်လည်း ဧရာဝတီအနေနှင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ကရင်ငြိမ်းချမ်ရေးကောင်စီ (KNU/KNLA-PC) ဘက်ကမူ ပြည်ထောင်စုနေ့ပွဲကို ၎င်းတို့ဘက်က ဗဟိုကော်မတီဝင်အဆင့် တာဝန်ရှိသူများ သွားတက်နိုင်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရေး မတက်ရေးသည်ကား မသေချာကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲက နောက်မှ ဝင်လာတဲ့စာလည်း ဖြစ်တော့ ကျနော်တို့ဆီမှာတော့ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်တာတို့ ဘာတို့တော့ မလုပ်ရသေးဘူး။ အကြမ်းဖျင်းပြောမယ်ဆိုရင် အခုသွားမယ့် ကိုယ်စားလှယ်အဖွဲ့က ပထမ ဖိတ်စာမှာပါရှိတဲ့ ၇၅ နှစ်မြောက် စိန်ရတုပွဲသဘင်တက်ဖို့ အဲဒီဟာလောက်ပဲ သိရတာပေါ့” KNU/KNLA-PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
စိန်ရတု ပြည်ထောင်စုနေ့ပွဲ တက်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍လည်း ၎င်းက “ကျနော်တို့ကျတော့ အစိုးရနဲ့ ကျနော်တို့လုပ်နေတဲ့ Bilateral ဖွံ့ဖြိုးရေးကိစ္စတို့ဘာတို့ ရှိတယ်လေ။ ကျနော်တို့က အခု ပြည်ထောင်စုနေ့ဆိုတော့ လည်း တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုကို ကျနော်တို့က လေးစားပြီးတော့ အဲဒီပွဲကို တက်တယ်လို့ပဲ အကြမ်းဖျင်းပြောလို့ရပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ အာဏာသိမ်းစစ်ကောင်စီသည် ဗိုလ်ရှုသဘင်အခမ်းအနားပါဝင်သည့် ပြည်ထောင်စုနေ့ပွဲကို EAO များတက်ရန် ဖိတ်ကြားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲပါတက်ရန် တိုက်တွန်းနေခြင်းသည် ၎င်းအနေနှင့် တနိုင်ငံလုံးကို ထိန်းချုပ်နိုင်နေပြီဟု နိုင်ငံတကာကို ပြသလို၍ဖြစ်ကြောင်း ဆိုသည်။
ထို့အပြင် EAO များအားလည်း ပြည်ထောင်စုနေ့ပွဲဖိတ်ကာ စစ်ခေါင်းဆောင်အား ဗိုလ်ရှုသဘင်တွင် အလေးပြုခံနေသည်ကို ကြည့်စေရန် ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ နိုင်ငံရေးလေ့လာသူတဦးက အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုနေ့ပွဲသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုက မတက်ရောက်ရန် ဆုံးဖြတ်ထားသဖြင့် လက်တွေ့တွင်လည်း တက်ရောက်သူနည်းပါးနိုင်ကြောင်း ၊ တက်ရောက်သူနည်းပါးသဖြင့်လည်း အဆိုပါပွဲသည် အောင်မြင်ရန်မသေချာကြောင်းပြောသည်။
“အများစုကတော့ ပါမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကြားနေလိုလို သဘောထားပြတ်ပြတ်သားသားမရှိတဲ့ RCSS တို့ နောက်ပြီးတော့ အဖွဲ့ငယ်တွေပေါ့။ အင်အားနည်းတဲ့ အဖွဲ့တွေပေါ့။ အဲဒီအဖွဲ့တွေကတော့ သူတို့ ရေရှည်အကျိုးစီးပွားကြည့်ပြီး ပါဝင်ကောင်းပါဝင်နိုင်ပါတယ်။ သူကျင်းပမယ်ဆိုတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစီအစဉ်ကြီးဟာ လည်း တကယ်လို့ လုပ်ဖြစ်ရင်လည်း ကျီးနဲ့ဖုတ်ဖုတ်သာ ရှိလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဘာမှ အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကြီးကို တည်ဆောက်တဲ့ အခမ်းအနားတော့ ဖြစ်မှာမဟုတ်ပါဘူးဗျာ။ ဒါပေမယ့် မည်ကာမတ္တ တချို့အဖွဲ့လေးတွေနဲ့ အဖြစ်တော့လုပ်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
You may also like these stories :
အားလုံးထိန်းနိုင်ကြောင်း ပြလိုသည့် စစ်ကောင်စီ
အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး
ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)