စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းကို ဖေဖော်ဝါရီ ၁၆ ရက်က စတင်ကာ အရေးယူ မှုများ စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီတို့က ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် စစ်တပ်ထုတ်ကုန်များ ဆက်လက် ရောင်းချလျက်ရှိသော စတိုးဆိုင်များ၊ စားသောက် ဆိုင် များအနေဖြင့် လက်ကျန် ကုန်ပစ္စည်းများကို ဖေဖော်ဝါရီလ ၁၅ ရက် နောက်ဆုံးထား၍ ရှင်းလင်းထားရန် နှိုးဆော် တိုက်တွန်းထားသလို ရောင်းဝယ် ဖောက်ကားမှုများ တွေ့ရှိပါက အဆင့်ဆင့်အလိုက် အရေးယူ ဆောင်ရွက်သွားမည် ဟု ပါရှိသည်။
မုံရွာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတဦးက “ဖေဖော်ဝါရီ ၁၆ ကစလို့ ရရှိလာတဲ့ အချက် အလက်တွေကို စိစစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်။ တရားဥပဒေ စိုးမိုးရေးကို အလေးထားပြီး မှန်ကန်ထိရောက်တဲ့ အရေးယူမှုတွေကို စနစ်တကျ လုပ်ဆောင်သွားဖို့ အတွက်လည်း တွန်းအားပေးသွားမှာပါ။ စစ်တပ်ထုတ်ကုန်တွေကို ရောင်းဝယ်နေတာက လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို အလိုတူ အလိုပါ လုပ်ခွင့်ပေးနေ သလို ဖြစ်တာကြောင့် ဆက်လက် ရောင်းချခြင်း မပြုလုပ်ကြဖို့ မေတ္တာ ရပ်ခံ နေတာပါ” ဟု ပြောသည်။
မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ထုတ်ကုန်များ ရောင်းဝယ် ဖောက်ကားခြင်း မပြုလုပ်ကြရန် ထုတ်ပြန် ခဲ့သလို ဆက်လက် ရောင်းချနေမှုများ တွေ့ရှိပါက သိမ်းဆည်း ဖျက်ဆီးခြင်း၊ ငွေဒဏ်ချမှတ်ခြင်းများအပြင် ဖေဖော်ဝါရီ ၁၅ ရက်နောက်ပိုင်း စစ်တပ်ထုတ်ကုန်များ ဆက်လက် ရောင်းချလျက် ရှိနေသော စတိုးဆိုင်များ၊ စားသောက်ဆိုင်များ တွေ့ရှိပါက မုံရွာလူထု သပိတ် ဦးဆောင်ကော်မတီ၏ Facebook Page Message Box သို့ သတင်းပေး အကြောင်း ကြားကြရန်လည်း ကြေညာထားသည်။
မုံရွာမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက “မုံရွာမြို့မှာ အခု အချိန်ထိ စစ်တပ်ထုတ်ကုန် ရောင်းနေတဲ့ဆိုင်တွေ အများကြီး ရှိနေသေးတယ်။ အချို့ဆိုရင် လက်လီ လက်ကား ရောင်းတာတွေလည်း ရှိသေးတယ်။ သူတို့က ဘယ်လိုပုံစံနဲ့ စစ် ဆေးပြီး ဘယ်လိုမျိုး အရေးယူကြမှာလဲ။ ကျနော်ပြောချင်တာက ရောင်းနေတဲ့ဆိုင်တွေကို မုံရွာမြို့နယ် ပြည်သူ့ အုပ် ချုပ်ရေးအဖွဲ့က အရေးယူမယ်ဆိုရင်လည်း ထိထိရောက်ရောက် လုပ်စေချင်တာ။ အဓိက လူတွေနဲ့ ပစ္စည်းတွေကို အထိအခိုက် ဆုံးရှုံးမှု မရှိဘဲ အရေးယူတာမျိုး ဖြစ်စေချင်တယ်” ဟု ပြောသည်။
မုံရွာမြို့နယ် အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ရောင်းချနေသည့် စစ်တပ် ထုတ်ကုန်များ အနေဖြင့် မြန်မာ ဘီယာ၊ မန္တလေးဘီယာ၊ Andaman Gold Blue၊ Andaman Gold Special၊ Army Rum၊ Black Shield Stout၊ Dagon Dairy Plant ထုတ်ကုန်များ၊ နန်းမြိုင်ကော်ဖီ၊ ဒဂုံအမှတ်တံဆိပ် အချိုရည်၊ ဘီယာ၊ အရက် စသည့် အဖျော် ယမကာများ၊ နေပြည်တော် သောက်ရေသန့်၊ ငွေပင်လယ် ပင်လယ်စာ လုပ်ငန်း၊ မြနန္ဒာသောက်ရေသန့်၊ တော်ဝင် ကရဝိတ်သကြား၊ ရွှေဖီဦး၊ Seven 7 တံဆိပ် နို့ဆီများ၊ အဓိပတိ ဆန်၊ MEC Myanmar ဆန်၊ Mytel၊ Premium Gold၊ Red Ruby စသည့် ကုန်ပစ္စည်းများ ဖြစ်သည်။
“စစ်တပ် ထုတ်ကုန်တွေကို Boycott လုပ်တာက ထိရောက်တယ်။ ကျနော်တို့ကတော့ အာဏာရှင်ကို ၈၈ ထဲက တော် လှန်ခဲ့တဲ့ မျိုးဆက်ဆိုတော့ ခံယူချက် ပြင်းတယ်။ ဆက်လုပ်သွားမှာ။ ကျနော်တို့က အမှတ်သည်းခြေ ကြီးတယ်။ ကိုယ့် နိုင်ငံနဲ့ လူမျိုးအတွက် စစ်အာဏာရှင်မရှိမှ ဖြစ်မယ်ဆိုတဲ့အတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်မယ်” ဟု စီးပွားရေးလုပ် ငန်းရှင်တဦး က ပြောသည်။
ယခုအခါ နိုင်ငံတဝှမ်းတွင် အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေသော အင်အားစုများကလည်း စစ် တပ်၏ ဘဏ္ဍာငွေ စီးဆင်းမှုကို ဖြတ်တောက်ရန် ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး အာဏာသိမ်း စစ်တပ်နှင့် ဆက်နွယ် သည့် ထုတ်ကုန်ပစ္စည်းများကို သယ်ယူ၊ ရောင်းချသုံးစွဲခြင်းမပြုလုပ်ရန်နှင့် တွေ့ရှိပါက ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း သတိပေးမှုများ ရှိလာသည်။
ထိုသို့ ထုတ်ပြန်မှုအနေဖြင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်တပ်ထုတ်ကုန်များ သယ်ယူ ရောင်းချခြင်းမပြုရန် သတိပေးမှုနှင့်အတူ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်နေရာ ဖေဖော်ဝါရီ ၅ ရက်က ဂန့်ဂေါ-ကလေးလမ်းပိုင်းတွင် ရှောင်တခင် စစ်ဆေးရာတွင် စစ်တပ်ထုတ်ကုန်များ သယ်ဆောင်လာသည့် ကားနှစ်စီး ကို ဖမ်းဆီးခဲ့ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီတပ်မတော် (KA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) လှုပ်ရှားနယ်မြေများ ဖြစ်သည့် တောင်တန်းဒေသ၊ မြေပြန့်ဒေသများတွင်ပါ ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြပြီး စစ်ကောင်စီနှင့် ဆက်စပ်နေသော မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် ABC စသည့် အဖျော်ယမကာများကို ၂၀၂၂ ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းမှ စတင်ပြီး ရောင်းဝယ်ခွင့် ပိတ်ပင်ကြောင်း သတိပေးစာ ထုတ်ပြန်ထားကြသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းများရှိ မြို့ အဝင်/ အထွက် ဂိတ် ၅ ခုတွင် မြောင်မြို့နယ် ပြည် သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) မှ ဦးဆောင် စစ်ဆေးနေပြီး စစ်ကောင်စီနှင့် ဆက်နွယ် ပက်သက်နေ သော ထုတ်ကုန်ပစ္စည်းများအား ပြည်သူပိုင်အဖြစ် ထိန်းသိမ်းလျက် ရှိကြောင်း မြောင် PDF အဖွဲ့ထံ သိရသည်။

မြောင်မြို့နယ် PDF မှ ပြောရေးဆိုခွင့် ရှိသူတဦးက “မြောင်နယ်မှာ ပြည်သူတွေက လိုက်နာကြတယ်။ စစ်တပ်ထုတ် ကုန်တွေ မရောင်းနဲ့ဆို မရောင်းကြဘူး။ အဲဒီကတည်းက ဖျက်ဆီးလိုက်တာတွေရော၊ ဘာတွေရောရှိတော့ အဲဒီနောက် ပိုင်း ဈေးဆိုင်တွေက တပ်နဲ့ ဆက်နွယ်တဲ့ ပစ္စည်းတွေ အကုန်လုံး ရောင်းချတာတွေ၊ တင်သွင်းတာတွေ မလုပ်ကြတော့ ဘူး။ မြောင်နယ်ကတော့ မရှိသလောက် ရှားသွားပြီ” ဟု ဧရာဝတီကို ပြောသည်။
စစ်တပ် ထုတ်ကုန်ပစ္စည်းများဟု ဆိုရာတွင် မြန်မာဘီယာ၊ Mytel၊ ဒဂုံဘီယာ၊ Andaman Gold ဘီယာ၊ ဆင်မင်း၊ ကြံ့ တံဆိပ်ဘိလပ်မြေ၊ Red ruby ဆေးလိပ်စသည့် ကုန်ပစ္စည်းများကိုလူသိများသော်လည်း အခြားသော စစ်တပ်၏ ဦးပိုင် ကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများက ထုတ်လုပ်သော စားသောက်ကုန်များ၊ မီးဖိုချောင်သုံး ပစ္စည်းများကိုမူ ရှင်းရှင်း လင်း လင်း မသိကြသည်များလည်း ရှိနေသည်ဟု စစ်တပ်ပိုင် (သို့) ဆက်နွယ် စီးပွားရေးလုပ်ငန်းများကို သပိတ် မှောက်ရန် တိုက်တွန်းလှုံ့ဆော်နေသည့် Way Way Nay အဖွဲ့က ဆိုသည်။
Way Way Nay အဖွဲ့သည် စစ်တပ်နှင့် ဆက်စပ်သော အာမခံ၊ ဘဏ်လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု၊ အသေးစား ချေးငွေ လုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာရေး၊ ခရီးသွားနှင့် စားသောက် ကုန် လုပ်ငန်းများ၊ စားသောက်ဆိုင်များ စသည်ဖြင့် ခွဲခြားပြီး သပိတ်မှောက်ရမည့် စာရင်းများကို ပြုစုပေးထားကာ လူမှုကွန်ရက်မှတဆင့် မကြာခဏ ထုတ်ပြန်ပေးခြင်း၊ Application များကိုလည်း လုပ်ဆောင်ထားသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ စီးပွားရေးနှင့် ကူးသန်းရေး ရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက်စပ်သည့် စီးပွားရေး လုပ် ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။
ယခုအခါ အာဏာသိမ်း စစ်ကောင်စီကို မြေပြင်သပိတ်၊ လက်နက်ကိုင် ခုခံတော်လှန်မှု၊ စစ်တပ် ထောက်တိုင်များအား ပြောက်ကျား တိုက်ခိုက်မှုများဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသလို၊ စစ်တပ်ထုတ်ကုန်များအား မီးရှို့ဆန္ဒပြမှုများ၊ ပြည်သူများအနေဖြင့်လည်း စစ်တပ်ထုတ်ကုန် သပိတ်မှောက်သည့် လှုပ်ရှားမှုများကို အင်တိုက် အားတိုက် လုပ် ဆောင်နေကြပြီး စစ်ကောင်စီ၏ ထောက်တိုင် စီးပွားရေး လုပ်ငန်းများအား ဖြိုချရန် နည်းလမ်းမျိုးစုံဖြင့် ကမ်ပိန်းများ ပြုလုပ်ကာ ဆက်လက် လှုံ့ဆော်နေကြဆဲ ဖြစ်သည်။
You may also like these stories:
တယ်လီနောမြန်မာရောင်းချမှု စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီပါ၍ ကန့်ကွက်ခံနေရ
မန္တလေးတွင် စစ်တပ်ထုတ်ဘီယာ ရောင်းသည့် ဆိုင်အချို့ တိုက်ခိုက်ခံရ
စစ်တပ်ထုတ်ကုန်တွေအပေါ် ပြည်သူတွေဒဏ်ခတ်မှု အရှိန်မြင့်လာ