ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ အထည်ချုပ် စက်ရုံ ၄ ရုံခန့်ကို ဖေဖော်ဝါရီလ ၈ ရက်က ထိုင်းလူဝင် မှု ကြီးကြပ်ရေး အာဏာပိုင်များမှ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ အသက်မပြည့်သူများ အပါအဝင် မြန်မာ လုပ်သား ၁၈ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ မဲဆောက်မြို့ မဲတောင်ရွာရှိ အထည်ချုပ် စက်ရုံ အသေးစားများနှင့် အိမ်စက်ရုံများတွင် အထောက်အထားမဲ့ အလုပ် လုပ်ကိုင်နေကြသူများစွာ ရှိသည့်အနက် တခြားသော စက်ရုံများမှာ စစ်ဆေးမှု ပြုလုပ်မည့်အကြောင်း ကြိုတင် သတင်းကြားသဖြင့် ပိတ်ထားခြင်းများ ပြုလုပ်ထားသည့်အတွက် ဖမ်းဆီးခံရခြင်း မရှိကြောင်း သိရသည်။
မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ မသူဇာက “လွန်ခဲ့တဲ့ ၂ ရက်လောက်က မဲတောင်ရွာထဲမှာ တော့ အိမ်စက်ရုံတွေ အထည်ချုပ်တွေက ၃ ၊ ၄ ရုံလောက်တော့ ရှိတယ်။ ရဲ၊ သက်ဆိုင်ရာ လဝက အဖွဲ့တွေနဲ့ ပေါင်း ပြီး ဝင်ရောက် စစ်ဆေးတဲ့အခါမှာ အိမ်ရုံ တရုံ အဓိက ပါသွားတယ်။ အဲဒီအိမ်ရုံမှာ အလုပ်သမားက ၁၈ ယောက် ဝန်း ကျင်လောက်ရှိတာ အဲဒီ ၁၈ ယောက် ပါသွားတယ်။ ဒီထဲမှာမှ အသက်မပြည့်တဲ့ကလေးက ၄ ယောက် လောက်ပါ တယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများအား မဲဆောက်မြို့ ရှိ အချုပ်တွင် ထိန်းသိမ်းထားပြီး အလုပ်ရှင်ပါ မကျန် အရေးယူခံရမည်ဖြစ်ပြီး အသက်မပြည့်သူများ ပါဝင်သည့်အတွက် ထိုင်းရဲမှ အလုပ်ရှင်ထံ ဖမ်းဆီးခံရသူများအတွက် တဦးလျှင် ဘတ် ၁ သောင်းခွဲခန့် တောင်းထားကြောင်း သိရသည်။
“ညှိနှိုင်းတယ်လို့ ပြောတယ်။ အလုပ်ရှင်မှာ တာဝန်ရှိတဲ့အတွက် အလုပ်ရှင်ပါ လိုက်သွားရတယ်။ အလုပ်ရှင်ကိုတော့ ဘယ်လောက် ပြစ်ဒဏ် ချမှတ်မလဲမသိဘူး။ အလုပ်သမားတဦးကိုဘတ် ၅ ထောင်လောက်နဲ့ ပြန်ရွေးလို့ရမယ် ကြား ပေမယ့် အသက်မပြည့်တဲ့သူတွေ ပါလာတော့ တယောက်ကို တသောင်းခွဲလောက်နဲ့ ရွေးရမယ်လို့ ကြားတယ်။ အလုပ်ရှင်ကတော့ ၁၀ ယောက်နဲ့ အထက်ဆိုတော့ များတဲ့အတွက် ရှာဦးမယ်လို့တော့ ပြောတယ်” ဟု မသူဇာက ပြောသည်။
မဲဆောက်တွင် ထိုကဲ့သို့ ရှောင်တခင်စစ်ဆေးခြင်းများမှာ မကြာခဏ ရှိနေသော်လည်း နှစ်စပိုင်းနှင့် နှစ်ကုန်ပိုင်း တို့ တွင် ပိုမိုများပြားပြီး အလုပ်သမားများ အနေဖြင့်လည်း ကိုဗစ်အခြေအနေကြောင့် အလုပ်မရှိတော့သည့်အခါမျိုးတွင် အထောက်အထားကတ်များအား သက်တမ်း ထပ်မံ တိုးခြင်း မရှိခြင်းကြောင့်လည်း ဖမ်းဆီးခံရခြင်းမျိုးများ ရှိကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်တွင်လည်း မဲဆောက်မြို့ မဲ့ပကျေးရွာရှိ နေအိမ်တလုံးတွင် တရားမဝင် နေထိုင်လျက်ရှိ သည့် မြန်မာနိုင်ငံမှ အမျိုးသမီး ၅၀ နီးပါးခန့်ကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့မှာ တဦးလျှင် ဘတ် ၂၅၀၀၀ ပွဲစားအား ပေး၍ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ လာရောက်ကြခြင်းဖြစ်ပြီး အဆိုပါ မဲ့ပနေအိမ်တွင် ခေတ္တထားရှိရင်း ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။
ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံ သားများ ရာနှင့်ချီ၍ နိုင်ငံရေး ခိုလှုံရန်၊ အလုပ်အကိုင် ရှာဖွေရန်အတွက် နေ့စဉ်နှင့်အမျှ ဝင်ရောက်နေကြပြီး နေ့စဉ်လည်း ဖမ်းဆီးခံနေရကြောင်း ရွှေ့ပြောင်း လုပ်သား ကူညီရေးအဖွဲ့အစည်းများထံက သိရသည်။
You may also like these stories:
ထိုင်းရှိ သက်တမ်းပြည့် MoU လုပ်သားများ နေရပ်ပြန်ရန်မလိုဘဲ သက်တမ်းတိုးနိုင်မည်
စစ်ကောင်စီက နေရပ်ပြန် မြန်မာလုပ်သားတို့၏ ဖုန်းများကို စစ်ဆေး ဖမ်းဆီးနေ
ဘတ် ၃၀ တန် ဆေးရုံကတ်ကို ထိုင်းအစိုးရဆေးရုံတိုင်းတွင် ဆေးကုသခွင့်ပြု
အိုမီခရွန်ကြောင့် ထိုင်းအစိုးရ၏ အလုပ်သမား ခေါ်ယူရေးအစီအစဉ် အလှမ်းဝေးနေဆဲ