မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ငြိမ်သွားပြီးနောက်ပိုင်း ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှ စတင်ကာ ကိုဗစ် ရောဂါပိုး တွေ့ရှိမှုနှုန်း ဆက်တိုက်မြင့်တက်လာနေကြောင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်ထိ ကိုဗစ်ရောဂါပိုး တွေ့ရှိမှု ၁၀၀ အောက် ကျဆင်းနေရာမှ တဖြည်းဖြည်း မြင့်တက်လာ ခဲ့ပြီး ယခုရက်ပိုင်းများတွင် တရက်လျှင် ၁၀၀၀ ကျော်ထိ စစ်ဆေးတွေ့ရှိကြောင်း၊ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၉ ရက် အထိ တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ပိုးတွေ့ရှိသူ ၅,၉၂၆ ဦး ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု မြင့်တက်လာမှုနှင့်အတူ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး (SARS-CoV-2 Variant Omicron) ဓာတ်ခွဲ တွေ့ရှိမှုသည်လည်း ဒီဇင်ဘာ ၂၈ ရက်မှ ဖေဖော်ဝါရီ ၃ ရက်ထိ ၃၄၈ ဦးထိ ရှိလာပြီ ဖြစ်သည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေမှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် ဓာတ်ခွဲစစ်ဆေးမှု များ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်သည့်အတွက် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်း များထက် မြေပြင်တွင် ကူးစက်မှု ပိုများနိုင်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဆရာဝန်တချို့က သုံးသပ်ပြောဆိုသည်။
“လက်ရှိမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာန ကိုယ်တိုင်က ပိုးတွေ့မှု မြင့်တက်လာတယ်လို့ ထုတ်ပြန်လာတယ်။ အမှန်က သူတို့ ထုတ်ပြန်တာထက် ပိုတဲ့ကိန်းဂဏန်း ရှိနိုင်တယ်။ ဘာကြောင့်လဲဆို ကျန်းမာရေးဌာနမှာ ဝန်ထမ်းအင်အား နည်းတော့ မြေပြင်ကို ကွင်းဆင်းမှု မလုပ်နိုင်ဘူး။ နောက် ပြည်သူတွေ ကိုယ်တိုင်ကလည်း သာမန်ရောဂါတခုလို သဘော ထားပြီး နေကြတာတွေကြောင့် ပိုတယ်လို့ ခန့်မှန်းတာ။ အခုဆိုရင် ရပ်ကွက်တွေထဲမှာ သံသယလက္ခဏာတွေ ပြနေ ရင်တောင် အိမ်မှာပဲ ကျိတ်ကုနေတာတွေ ရှိနေတယ်” ဟု ပြည်သူတဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ပြင်ပဆေးခန်းများတွင်လည်း ကိုဗစ်သံသယဖြင့် လာပြသည့်လူနာ များနေသလို ရပ်ကွက်များ အတွင်း နေထိုင်မကောင်းသူများလည်း များပြားလာနေကြောင်း၊ အောက်ဆီဂျင် ရှုနေရသည့် လူနာများလည်း ပြန်လည် များပြားလာသည်ကို တွေ့ရကြောင်း အောက်ဆီဂျင် ကူညီနေသည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“အခု ရက်ပိုင်းထဲမှာ အောက်ဆီဂျင်ကျတဲ့ လူနာတွေ ပြန်ရှိလာတယ်။ အပြင်ဆေးခန်းတွေမှာလည်း သံသယလက္ခဏာ လူနာတွေ လာပြလို့ဆိုပြီး အကူအညီတောင်းလို့ သယ်ပေးနေရတာတွေလည်း ရှိနေတယ်။ တတိယလှိုင်းတုန်း ကလောက်တော့ မများသေးပေမယ့် ကိုဗစ်လူနာတွေကို သက်ဆိုင်ရာဆေးရုံတွေကို ပို့ပေးနေရသေးတယ်။ တရက်ကို အနည်းဆုံး ၁၀ ယောက်လောက်တော့ ရှိသေးတယ်” ဟု မန္တလေးမြို့ခံ နရသုခီလူမှုကူညီရေးအသင်းသား တဦးက ဧရာဝတီသို့ ပြောသည်။
ပြည်တွင်း ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်း အိုမီခရွန်ကူးစက်မှုမှာလည်း တိုးလာရာ ကိုဗစ်စတုတ္ထ လှိုင်း ဖြစ်လာမည်ကိုလည်း ပြည်သူအချင်းချင်းကြား သတိပေး ပြောဆိုမှုများ ရှိနေသည်။
ကိုဗစ်ကူးစက်နှုန်း တဖန်ပြန်လည် မြင့်တက်လာမှုနှင့် ပတ်သက်၍ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြောင်း၊ နယ်စပ်နှင့် လေကြောင်း အဝင်အထွက်များကို လည်း တင်းကျပ်စစ်ဆေးနေကြောင်း၊ ပိတ်ထားသည့် ကိုဗစ်ကုသရေးစင်တာများကိုလည်း ပြန်လည်ပြင်ဆင်မှုများ လုပ်နေကြောင်း၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းထားကြောင်း ဧရာဝတီသို့ ပြောသည်။
“လက်ရှိက ရန်ကုန်တိုင်းဆိုရင် အရေးကြီးတာမို့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့အတွက် အားလုံး ပြင်ဆင်ထားပြီး ဖြစ်ပါ တယ်။ အိုမီခရွန်က ဖြစ်ပွားရင် အုပ်စုလိုက်ဖြစ်တာ များတယ်။ ကူးစက်မှုနှုန်း မြန်လို့လေ။ အဲဒီလိုတွေ ဖြစ်လာရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပေးပို့ပြီးတော့ ကုသမှုတွေ ခံယူကြဖို့လည်း လိုပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ ပြည်နယ်နှင့်တိုင်းအလိုက် ပိုးတွေ့ရှိမှု အနေဖြင့် ရန်ကုန်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်း၊ ချင်းပြည်နယ်များတွင် အများ ဆုံး ဖြစ်ကာ ရန်ကုန်တိုင်းအတွင်း မင်္ဂလာဒုံနှင့် လှိုင်သာယာမြို့နယ်များတွင် ကူးစက်မှုအများဆုံး ဖြစ်နေကြောင်း ကျန်း မာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံတရုံတွင် အလုပ်သမားတချို့ ကိုဗစ်ကူးစက်ခံရပြီးနောက် စစ်ရုံရှိ အလုပ်သမား ၂၂၀၀ ကျော်ကို ဆေးစစ်ခဲ့ရာ လူပေါင်း ၇၁၅ ဦးထိ ကိုဗစ်ကူးစက်ခံခဲ့ရသလို ယခုရက်ပိုင်း ထုတ်ပြန် ချက်များတွင်လည်း မင်္ဂလာဒုံမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိမှု နေ့စဉ် ၁၀၀ ကျော် ရှိနေသည်။
ထို့ပြင် ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ဆေးရုံဝန်ထမ်းများ အပါအဝင် ကိုဗစ်ကူးစက်မှုများ ရှိနေသည့် အတွက် ယင်းဆေးရုံကို ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ အသွားအလာ ကန့်သတ်ထားကြောင်း (Lockdown) သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက်ကလည်း စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း တကျောင်း အတွင်း ကိုဗစ်ကူးစက်မှု အစုလိုက်အပြုံလိုက် တွေ့ရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၆ ရက်တွင် တမူးမြို့အား Lockdown ပြုလုပ်ခဲ့သည်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ၂၀၂၁ မတ်လမှ ၂၀၂၂ ဖေဖော်ဝါရီ ၉ ရက်ထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၄၀,၅၉၇ ဦး၊ သေဆုံးသူ ၁၉,၃၁၀ ဦးနှင့် ဆေးရုံးဆင်းခွင့်ရရှိသူ ၅၁၄,၆၀၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories :
မြန်မာပြည်မှာ ကိုဗစ် စတုတ္ထလှိုင်း စပြီလား
တမူးတွင် ကိုဗစ်ပိုးတွေ့သူ များလာ
မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိမှု ၁၀၀ ကျော်ရှိလာ