နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဦးဖြိုးမင်းသိန်းထံမှ လာဘ်ယူခဲ့သည်ဟု စွပ်စွဲကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် တရားလိုပြသက်သေ ရဲ ၅ ဦးအား စစ်ဆေးခဲ့ ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း ပေးခဲ့သည် ဟုဆိုကာ တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး ၎င်းအမှုအား ၁ လကျော်ကြာ စစ်ဆေးခဲ့ခြင်း မရှိရာမှ ယနေ့တွင် ရဲသက်သေများအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည့် ရဲများမှာ ဦးဖြိုးမင်းသိန်း ဝန်ကြီးချုပ် တာဝန်ယူစဉ်က ရန်ကုန်တိုင်းအတွင်း တာဝန်ကျခဲ့သည့် ရဲများ ပါဝင်ကြောင်း သိရသည်။
အမှုတွင် ဆက်လက်စစ်ဆေးရန် တရားလိုပြသက်သေများ ကျန်ရှိနေသေးသော်လည်း ဆက်လက် စစ်ဆေးခြင်း မပြုတော့ ဘဲ နောက်လာမည့် ရုံးချိန်းတွင် အမှုအား စွဲချက်တင်သင့်/ မတင်သင့် နှစ်ဖက်လျှောက်လဲချက် ပေးရမည် ဖြစ်ကြောင်း တရားသူကြီးက ပြောခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူ/ငှားရမ်းသည့် ကိစ္စနှင့် ပတ်သက်ပြီး အဂတိမှုဖြင့် တရားစွဲဆိုထားသည့်အမှု အပါအဝင် ကျန်ရှိသည့် အဂတိစွပ်စွဲချက် အမှုအချို့အား ဖေဖော်ဝါရီ ၁၈ ရက် ရုံးချိန်းတွင် ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အဂတိမှုများ အပါအဝင် အမှုပေါင်း တဒါဇင်ကျော်ဖြင့် စွပ်စွဲကာ တရားစွဲဆိုမှုများ ပြုလုပ်လျက် ရှိရာ အမှု ၅ မှုအတွက် ထောင်ဒဏ် ၈ နှစ် ကျခံစေရန် စစ်ကောင်စီ လက်အောက်ခံ နေပြည်တော်ရှိ အထူးသီးသန့် တရားရုံးက အမိန့်ချမှတ်ထားသည်။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ထောင်ဒဏ်ထဲများထဲမှ ၂ နှစ်ကို လျှော့ပေါ့ပေးကြောင်း ကြေညာထားသည်။
You may also like these stories :
ပြည်နယ်နှင့်တိုင်း ရွေးကော်အဖွဲ့ဝင်ဟောင်းများကို ပြစ်ဒဏ်များချနေ
ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ၁၀ မှုကို တရက်တည်း ရင်ဆိုင်ရမည်