ပင်လုံစာချုပ်နှင့် စာချုပ်ပါ ကတိကဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်တာဝန်ယူရမည် ဖြစ်ပြီး တောင်တန်းဒေသနှင့် တိုင်းရင်းသားအင်အားစုများကလည်း ပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်း ကချင်လွတ် လပ်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင်က ပြောသည်။
NUG ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲ ရုပ်သံတွင် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ကိုယ်စား မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က “NUG ဦးစီးကျင်းပတဲ့ အနှစ်သာရမှာတော့ ပင်လုံစာချုပ် အနှစ်သာရများဖြစ်တဲ့ ဒီမိုကရေစီအရေး၊ တန်းတူရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်များကို ရှင်သန်ရေးမူများကို ရည်သန်ပြီး ကျင်းပပြုလုပ်တဲ့အတွက် ဒီကနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ပင်လုံစာချုပ် အနှစ်သာရကိုသာမက ပြည်ထောင်စုအဖြစ် ပေါင်းစည်းကြ ရန် ခေါင်းဆောင်များအကြား အပြန်အလှန် ကတိကဝတ် ပြုခဲ့ကြတဲ့ ပင်လုံကတိကဝတ်များကိုလည်း လက်တွေ့ အကောင် အထည်ပေါ်အောင် ဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက နိုင်ငံရေးရည်မှန်းချက် တူညီခြင်းသည် တော်လှန်ရေးအောင်မြင်ရန် အခြေခံ ဖြစ်သဖြင့် NUG အနေနှင့် နိုင်ငံရေးရည်မှန်းချက်တူသော တော်လှန်ရေးအင်အားစုများ ပူးပေါင်းလာရေး အရေးကြီးသည့် အခန်းကဏ္ဍ ထားရှိရန် လိုအပ်ကြောင်းလည်း အကြံပြုသည်။
KIA သည် အာဏာသိမ်း စစ်ကောင်စီက ဖိတ်ကြားထားသော ဗိုလ်ရှုသဘင် အခမ်းအနား ပါဝင်သည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့နှင့် ထာဝရငြိမ်းချမ်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို မတက်ရောက်နိုင်ကြောင်း ငြင်း ပယ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။
ယခင်က ပင်လုံစာချုပ်သည် တောင်တန်းနေ တိုင်းရင်းသားများနှင့်သာ သက်ဆိုင်ပြီး ဗမာလူထုနှင့် မဆိုင်ဆိုသည့် အမြင်ရှိသော ဗမာလူမျိုးများလည်း ရှိခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။
“တောင်တန်းနေ တိုင်းရင်းသားများ ပင်လုံစာချုပ်အရေး ပြောဆိုလာသော်လည်း တိုင်းရင်းသားတွေဟာ အခွင့် အရေးတောင်းဆိုမှုပဲ ရှိတယ်။ ပေးဖို့ မစဉ်းစားကြဘူးဆိုပြီး အမြင်မကြည်လင်မှုများ ဖြစ်ခဲ့ရတယ်။ အခု စစ်ကောင်စီ ဦးစီးဆောင်ရွက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကိုလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတဲ့ ခေါင်း စဉ်အောက်မှာ မြင်တွေ့ရဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၆ ဇူလိုင်လအတွင်းက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ကိုယ်စားလှယ် များက သွားရောက် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်သည် ဘောင်ကျဉ်းလွန်းသည်ဟု ဆိုခဲ့ ကြောင်း ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က ပြောသည်။
၎င်းက “အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ပင်လုံသဘောတူညီချက်ဟာ ယေဘူယျ သဘော တူညီမှု ဆန်ပါတယ်။ တိတိကျကျရယ်လို့တော့ မဟုတ်ဘူး။ ရှမ်း၊ ကချင်၊ ချင်းပဲ ပါတယ်။ ပင်လုံစာချုပ်က ကျဉ်းလွန်း တယ်။ ပင်လုံစိတ်ဓာတ်လို့ ပြောတာဟာ ပူးပေါင်းဆက်ဆံရေးပဲ ဖြစ်တဲ့အတွက် ပင်လုံစိတ်ဓာတ်ပဲ ယူရမယ် ဆိုပြီး ပေါ့ပေါ့ တန်တန် ပြောခဲ့တာကို စိတ်မကောင်းစွာ ကြားသိခဲ့ရပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က “ပိုမိုကျယ်ပြန့်ဖို့ လိုအပ်တယ်လို့ ပြောဆိုပြီးတဲ့နောက် ၂၁ ရာစု ပင်လုံညီလာခံကို ဆက်လက် ကျင်းပသွားခဲ့ပါတယ်။ ဒါဟာ ပင်လုံစာချုပ် ပင်လုံကတိကဝတ်ရဲ့ အနှစ်သာရကို ပျက်ပြယ်စေမယ့် နိုင်ငံရေး အခင်းအကျင်း ဖြစ်တယ်လို့ မှတ်ယူနိုင်တယ်” ဟု ပြောဆိုသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားထားပြီး ၂၁ ရာစု ပင်လုံညီလာခံလည်း တခန်း ရပ်သွားသဖြင့် ယနေ့ အခမ်းအနား တက်ရောက်လာသော ခေါင်းဆောင်များအနေနှင့်လည်း ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး အပေါ်တွင် ပြတ်သားသည့် သဘေားထားရှိရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းသည်။
ယနေ့ NUG က အွန်လိုင်းမှ ကျင်းပသော ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA)၊ SYNERGY လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့၊ မွန်၊ ကရင်၊ တနင်္သာရီ အခြေစိုက် ကျောင်းသားသမဂ္ဂများ၊ အခြေခံပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာလူ ထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ အမျိုးသမီးမဟာမိတ်အဖွဲ့-မြန်မာ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၊ ကချင်နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော KPICT စသည်တို့က သဝဏ် လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်၊ အိုင်ယာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ကနေဒါ၊ ဂျာမနီ၊ ဂျပန်၊ ဥရောပသမဂ္ဂ (EU)၊ ခရိုအေးရှား၊ နော်ဝေ၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ပိုလန်၊ ဂါနာ၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ ဘီလာရုစ်၊ ချက်၊ ဖင်လန်၊ မြောက်အိုင်ယာလန်၊ သြစတြေးလျနှင့် တောင်ကိုရီးယား စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း၊ ယင်းနိုင်ငံများ အနက် ၃ နိုင်ငံက NUG ထံ သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း NUG ထံမှ သိရသည်။