အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ငွေအား၊ လူအင်အား များစွာသုံးပြီး အချိန်ယူ ပြင်ဆင်ခဲ့သော်လည်း တကယ့်ပွဲနေ့တွင်မူ ၎င်းအား ဆန့်ကျင်နေသည့် ပြည်သူများ၏ အဖက်မလုပ်ခြင်း၊ ဂရုမစိုက်ခြင်းကို ခံလိုက်ရသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဦးဆောင်လှုပ်ရှားနေသည့် အဖွဲ့အစည်းများက အာဏာသိမ်း စစ်ကောင်စီ ပြုလုပ် သည့် ဗိုလ်ရှုသဘင် အခမ်းအနားနှင့် ပတ်သက်၍ ထုတ်ပြန်သော သတင်းမှန်သမျှ မကြည့်ရေး လူထုလှုပ်ရှားမှုတခု ပြုလုပ် ရန် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။
“TV မကြည့်ဘူး၊ TV မဖွင့်ဘူး၊ TV က လာတာတွေ Facebook မတင်ဘူး၊ တင်တာတွေ့လည်း ကျော်သွားမယ်၊ အဖက် မလုပ်ဘူး၊ ဂရုမစိုက်ခြင်းအနုပညာ သို့မဟုတ် အဖက်မလုပ်ခြင်းကို သုံးကြမယ့်နေ့” ‘BLACK TV DAY’ အဖြစ် သပိတ်မှောက်ရန် လူမှုကွန်ရက်စာမျက်နှာထက် ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းခဲ့ကြသည်။
အဆိုပါ တိုက်တွန်းနှိုးဆော်မှုများနှင့်အတူ ယနေ့တွင် မည်သူကမျှ အရေးတယူ အဖက်လုပ်ပြီး စစ်ကောင်စီ၏ အခမ်းအနား နှင့် ပတ်သက်၍ ပြောဆိုခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများအား လူမှုကွန်ရက်စာမျက်နှာထက် တင်ခြင်း၊ ဖြန့်ဝေခြင်းများ ပြုလုပ်သည် ကို မတွေ့ရ။ ထို့ကြောင့် ‘BLACK TV DAY’ ကမ်ပိန်း လူထုသပိတ်မှောက်မှုမှာ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ စိန်ရတု ပြည်ထောင်စုနေ့နှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းနေသယောင်၊ ထိန်းချုပ်နိုင်နေသယောင် ဝါဒဖြန့်ချင်သော်လည်းပဲ ၎င်းတို့၏ လက်အောက်ခံ မီဒီယာများကလွဲပြီး မည်သူကမျှ အဖက်လုပ်ခြင်း မရှိရာ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ခဲ့ရတော့သည်။
ယနေ့ ပြုလုပ်သည့် အခမ်းအနားတွင် စစ်ခေါင်းဆောင် အပါအဝင် တက်ရောက်ရန် ဖိတ်ကြားထားသည့် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့် ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်များသည် ခေါင်းပေါင်း၊ ရင်ဖုံးတိုက်ပုံ (အဖြူ)၊ ချိတ်ပုဆိုးနှင့် ပုံတော်ဖိနပ်တို့ကို ဝတ်ဆင်ကာ ဟန်ကျပန်ကျ ပွဲတက်ခဲ့ကြသော်လည်း ဝါးလုံးခေါင်းထဲ လသာသလို ဖြစ်နေတော့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် စစ်အာဏာသိမ်းမှုကြောင့် အလုပ်လက်မဲ့နှုန်း တိုးပွားလာမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု နှင့် ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် တချို့ဒေသမှ ပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှုများဖြင့် ရင်ဆိုင် နေရပြီး စစ်ဘေးရှောင် အရေအတွက်များ တိုးသထက် တိုးလာနေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က ဗိုလ်ရှုသဘင် အခမ်းအနားအတွက် သိန်းပေါင်း ၉ သောင်းကျော် အကုန်အကျခံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း တကျော့ပြန် ပြန်လည်မြင့်တက်လာပြီး ကူးစက်မြန် အိုမီခရွန်ရောဂါပိုး ကူးစက်ဖြစ်ပွားနေချိန်၊ စတုတ္ထလှိုင်း စတင်ချိန်တွင် စစ်ကောင်စီက လူစုလူဝေးဖြင့် အခမ်းအနားများ ကျင်းပပြုလုပ်နေခြင်း လည်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားတွင် အလေးပြုခံမည့် ပြည်ထောင်စုအလံတော်ကို ရန်ကုန်မှ နေပြည်တော်ထိ လူစုလူဝေးဖြင့် အခမ်းအနားပြုလုပ်ပြီး သယ်ဆောင်ခဲ့သေးသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်သည် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပါအဝင် ပြည်တွင်း၌ လက်ရှိ ကြုံတွေ့နေရ သည့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများ အားလုံးကို လျစ်လျူရှုကာ ၎င်း အာဏာတည်မြဲရေးအတွက်သာ အစဉ် တစိုက် အားထုတ်ကြိုးပမ်းနေသည်ကို ယင်းဖြစ်ရပ်များက မီးမောင်းထိုးပြနေသည်။
တဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅ နှစ်မြောက် အခမ်းအနားကို ငွေ ကုန်ကြေးကျ အသက်သာဆုံးသော နည်းလမ်းဖြင့် အွန်လိုင်းမှတဆင့် ပြုလုပ်ပြီး NUG ၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
အဆိုပါ ရုပ်သံတွင် အာဏာသိမ်း စစ်ကောင်စီက ဖိတ်ကြားထားသော ယနေ့ အခမ်းအနားများ အားလုံးကို မတက်ရောက် နိုင်ကြောင်း ငြင်းပယ်ထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ကချင် လွတ် လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ ကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့သည်။
ထို့ပြင် NUG က ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ ကိုယ်စားလှယ်များက တက်ရောက် ပါဝင်ခဲ့ ပြီး တချို့က NUG ထံ သဝဏ်လွှာများ ပေးပို့ခဲ့သည်ဟု ဆိုသည်။
ပြည်သူလူထုအပေါ် ညှဉ်းပန်းနှိပ်စက်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားကိုမူ မည်မျှပင် ကြီးကျယ် ခမ်းနားစွာ ပြင်ဆင်ကျင်းပခဲ့သည်ဖြစ်စေ အတုအယောင် ပြည်ထောင်စုနေ့အဖြစ်သာ ပြည်သူလူထုက ရှုမြင်ကြသည်။
အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှုသည် ပြည်သူလူထု၏ ဘဏ္ဍာငွေကို အလဟဿ သုံးဖြုန်းမှု သက်သက်သာဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး အခြေအနေ မကောင်းမှုကို ဖုံးကွယ်ရန် ကြိုးစားသည့် ဟိတ်ဟန်ထုတ် ရုပ်ပြပွဲတခုသာ ဖြစ်ကြောင်း သပိတ်အင်အားစုများ စုပေါင်းထားသည့် အထွေထွေသပိတ် ပေါင်းစပ်ညှိ နှိုင်းရေးအင်အားစု (GSCB) က မှတ်ချက်ပြုသည်။ ။