နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဝန်ကြီးဦးမင်းသူတို့အား ရွေးကောက်ပွဲ အပေါ် ဩဇာလွှမ်းမိုး အသုံးချသည်ဟုစွပ်စွဲကာ တရားစွဲထားမှုအား ယနေ့တရားလိုအား စစ်ဆေးကြောင်း နေပြည်တော် အထူးသီးသန့် တရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ၎င်းသုံးဦးအနေဖြင့် ရာထူးအရှိန်အဝါအသုံးချပြီး ဩဇာလွှမ်းမိုးခဲ့သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးအောင်မျိုးမင်းက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့သုံးဦးအပြင် NLD အစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်အချို့နှင့် ဝန်ကြီးချုပ်အချို့တို့ကိုလည်း ရွေးကောက်ပွဲမဲမသမာမှုများတွင် ဩဇာ သုံးပါဝင်ပတ်သက်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၁၃၀-က ဖြင့်ပင် တရားစွဲဆိုမှုများလည်း ပြုလုပ်ထားသည်။
ယင်းသို့စွပ်စွဲကာ တရားစွဲဆိုခံရသူများထဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ချမှတ်ခဲ့သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က တွင် “အပြစ်ဒဏ်ကို သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ရန် အခြားနည်းလမ်းကို ဥပဒေဖြင့် အတိအလင်း ပြဌာန်းထားခြင်းမရှိသည့်ကိစ္စတွင် မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အပိုဒ် ၁၅ ၌ဖြစ်စေ၊ ၁၇ ၌ဖြစ်စေ၊ ၁၉ ၌ဖြစ်စေ၊ ၂၀ ၌ဖြစ်စေ၊ ပုဒ်မ ၂၃ ၏ ပုဒ်မခွဲ ၂ နှင့် ၃ များ၌ဖြစ် စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပါလီမန်က ပြဌာန်းထားသော အက်ဥပဒေ၌ဖြစ်စေ ပါရှိသော ပြဌာန်းချက်က တားမြစ် ထားသော ပြုလုပ်မှုကို တမင်ပြုလုပ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါ ပြဌာန်းချက်အရ ပြုလုပ်ရန်လိုအပ်သော ပြုလုပ်မှုကို တမင်ချန်လှပ်ခြင်းဖြင့်သော်လည်းကောင်း၊ အဆိုပါပြဌာန်းချက်ကို လျော်ကန်သင့် မြတ်သော ခွင့်လွတ် ချက်မရှိဘဲ ဆန့်ကျင်ခြင်းပြုလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်” ဟု ပြဌာန်းထားသည်။
စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုကြောင့် မဲမသမာမှုများ ၁၁ သန်းရှိသည်ဟုဆိုကာ အရပ်သားအစိုးရထံမှ အာ ဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီဝင်များအား အကြမ်းဖက်ဖမ်းဆီး ကာ တရားစွဲဆိုထောင်ချမှုများ ပြုလုပ်လျှက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီဖမ်းဆီးခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိမှုများအပါအဝင် အမှုပေါင် တဒါဇင်ကျော်ဖြင့် တရားစွဲဆိုခံရကာ အမှု ၅ မှုအတွက် ထောင်ဒဏ် ၈ နှစ်ချခံထားရပြီး သမ္မတဦးဝင်းမြင့်သည်လည်း ထောင်ဒဏ် ၄ နှစ်ချမှတ်ထားသည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ ထောင်ဒဏ်အား တဝက်လျော့ပေါ့ ပေးကြောင်း ကြေညာခဲ့သည့်အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ထောင်နှစ် ၈၀ ချမှတ်ထားသည့် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ်ထက် ဝက်လျော့ပေါ့ပေးကြောင်းလည်း ကြေညာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဝန်ကြီးဦးမင်းသူတို့အား ယခုစွပ်စွဲတရားစွဲဆိုထားသည့် ရွေးကောက်ပွဲတွင် ဩဇာလွှမ်းမိုးအသုံးမှု ပုဒ်မ ၁၃၀-က အမှုအား ၆ လအတွင်းအပြီးစစ်ဆေးမည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ရုံးချိန်းတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ဦးဇော်သန်းသင်းအား တရားလိုပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် အမှုထပ်မံဖွင့်
NLDအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ အဂတိဖြင့် အမှုဖွင့်ခံရ
ဒေါ်အောင်ဆန်းစုကြည် အဂတိမှု နေပြည်တော် စည်ပင်အရာရှိနှစ်ဦး သက်သေစစ်ဆေး
ဒေါ်အောင်ဆန်းစုကြည် အမှု ဒေါက်တာ ဇော်မြင့်မောင် သက်သေမထွက်ဖို့ ထပ်မံတားမြစ်
ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်ချက်အက်ဥပဒေ အမှု သက်သေ မလာ၍ မစစ်ဆေး