ထိုင်း – မြန်မာနယ်စပ် ဂိတ်ပေါက်များအား ထိုင်းလုံခြုံရေးတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၂ ပတ်အတွင်း မြန်မာနိုင်ငံသား ၂ ထောင်ကျော် ဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားရေး ဆောင်ရွက်သူများထံမှ သိရသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ ထိုင်း-မြန်မာနယ်စပ် ဝင်ပေါက်များဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ်များဘက်မှ အများဆုံး ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဧရာဝတီသို့ ပြောသည်။
ဦးမိုးကြိုး က “ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အဖမ်းခံရတာ ၂ ထောင်ကျော်သွားပြီ။ အများဆုံး ကတော့ ထိုင်းနဲ့မွန်နယ်စပ် ကန်ချနဘူရီ ပြည်နယ်။ ထိုင်းနဲ့တနင်္သာရီနယ်စပ် ပရာကျွတ်ခီရီကန်က ဒုတိယအများဆုံး။ တတိယအများဆုံးကတော့ ထိုင်းနဲ့ကရင်ပြည်နယ်စပ် မဲဆောက် တာ့ခ်ပြည်နယ်။ စတုတ္ထအများဆုံးကတော့ ထိုင်းနဲ့ရှမ်းပြည်နယ် နယ်စပ် ချင်းမိုင်၊ ချင်းရိုင်ပေါ့” ဟု ပြောသည်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူများမှာ အသက် ၁၈ နှစ်နှင့် အသက် ၄၀ ကြားများဖြစ်ကြပြီး စစ်ကောင်စီ၏ အကြောင်းမဲ့ ရိုက်နှက်ညှင်းပမ်းခြင်းမှ တိမ်းရှောင်နိုင်ရေးနှင့် အလုပ် အကိုင်ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
ဦးမိုးကြိုးက “၁၈ နှစ်ကနေ ၄၀ ကြားတွေ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအတွင်းမှာ အကြောင်းမဲ့ အဓမ္မစေခိုင်းတာတွေ အကြောင်းမဲ့ ရိုက်နှက်ညှင်းပမ်း နှိပ်စက်ခံရတာတွေကို တိမ်းရှောင်ရာရောက်အောင် အလုပ်လုပ်လည်း လုပ်ရာရောက်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို ဝင်လာတာ။ နောက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ တရားဝင်နယ်စပ်ဂိတ်တွေက ဖွင့်နိုးဖွင့်နိုးနဲ့ သူတို့မစောင့်နိုင်တော့ဘူး။ နီးစပ်ရာပွဲစားနဲ့ဆက်သွယ်ပြီးတော့ အခုလိုအတင်းဝင်လာကြတော့တာပဲ” ဟု ပြောသည်။
၎င်းတို့မှာ ခေါ်ဆောင်လာသည့်ပွဲစားများကို ပွဲစားခ ထိုင်းဘတ် ၁ သောင်း ၆ ထောင်မှ ၂ သောင်း ၈ ထောင် (ကျပ် ၁၅ သိန်းကျော်) အထိ ပေး၍ လာရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တရားမဝင်ဝင်ရောက်လာသူများထဲတွင် နှစ်နိုင်ငံအစိုးရမှ MoU စနစ်ဖြင့်စေလွှတ်မည့် လုပ်သားများမှာ ၈၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာကြသူများဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများမှ သုံးသပ်သည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “MoU နဲ့လုပ်လာတဲ့သူတွေက မစောင့်နိုင်ကြဘူး။ ငွေကုန်ကြေးကျတွေများပြီး ရရာနည်းလမ်းနဲ့ ဝင်လာမယ်ဆိုပြီး လာကြတဲ့အုပ်စု၊ နောက်တခုကကျတော့ မြန်မာပြည်ပြန်သွားပြီးတော့မှ ဒီထိုင်းဘက်ကိုပြန်လာမယ့်အချိန်မှာ နယ်စပ်ဂိတ်တွေက ပိတ်ထားလို့ ပြန်လာမရတော့တဲ့အခါကျတော့ တရားဝင်ပြန်လာမှာကို မစောင့်နိုင်တာ့ဘဲ ပွဲစားတွေကနေတဆင့်ဝင်ကြတာပေါ့။ ကျန်တဲ့သူတွေက မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးလို့ ရရာအလုပ်ရှာဖို့ လာကြတာပေါ့။ နိုင်ငံရေးကြောင့် လုံခြုံမှုမရှိလို့လာကြတာတွေရှိမယ်ပေါ့” ဟု ပြောသည်။
ထိုင်းနိုင်ငံအစိုးရက လုပ်ငန်းလိုအပ်ချက်အရ အိမ်နီးချင်း ၃ နိုင်ငံမှ လုပ်သားများကို MoU (Memorandum of Understanding) စနစ်ဖြင့်ခေါ်မည့် လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံမှ ခေါ်ယူနိုင်မှု နှောင့်နှေးနေသေးခြင်းကြောင့် ယခုကဲ့သို့ အခြေအနေများ အကျိုးသက်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၃ သန်းထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများမှ ခန့်မှန်း တွက်ချက်ထားသည်။