စစ်ကောင်စီက တိုင်းရင်းသားနယ်မြေများ၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေချိန် ရုရှားနိုင်ငံမှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်မောင်းသူများ ပါဝင်သည့် စစ်ဖက်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ သို့ ရောက်နေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ရုရှားလူမျိုး ၂၄ ဦးပါသည့် စစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၈ရက်ကတည်း မြန်မာနိုင်ငံတွင် ရောက်ရှိနေခြင်း ဖြစ်ပြီး မန္တလေးမြို့ နန်းရှေ့ ၂၂ လမ်းနှင့် ၆၆ လမ်း ရှိသည့် Sunset Palace Hotel တွင် တည်းခိုနေကြောင်း၊ ယင်း ဟိုတယ်သည် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး၊ ဒေါ်ကြူကြူလှနှင့် ရင်းနှီးသော စိန်ခဲ ရွှေခဲ ငွေခဲ ပုလဲ ငါးငံပြာရည်လုပ်ငန်း လုပ်ကိုင်သူ ပိုင်ဆိုင်သော ဟိုတယ် ဖြစ်ကြောင်း သိရသည်။
ယခင်က မိတ္ထီလာ လေတပ်စခန်းဌာနချုပ်သို့ စစ်လေယာဉ်မောင်း သင်တန်းနှင့် အဆင်မြှင့်တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ရန်လာသည့် ရုရှားနိုင်ငံသားများသည် ရန်ကုန် ဒုတိယမြို့တော်ဝန်ဟောင်း ဗိုလ်မှူးကြီး မောင်ပါ ၏ သား ဒေါက်တာ နိုင်ဝင်းပါ ပိုင်သည့် မန္တလေးမြို့မှ Royal Mingalar ဟိုတယ်တွင် နေသော်လည်း ယခုအခါ Sunset Palace Hotel တွင် တည်းခိုနေခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီးမောင်ပါ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဒု မြို့တော်ဝန် တာဝန်ယူခဲ့သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးတွင် ဗဟိုအလုပ်အမှုဆောင်(ရန်ကုန်တိုင်း တာဝန်ခံ)ဖြစ်ခဲ့သည်၊ သူ၏သား ဒေါက်တာနိုင်ဝင်းပါ သည် Seven Mile ဟိုတယ်လုပ်ငန်းစု လုပ်ကိုင်သူလည်း ဖြစ်သည်။
မြန်မာစစ်တပ်သည် ရုရှားနိုင်ငံမှ MiG 29၊ Su-3o အမျိုးအစား ဘက်စုံသုံးတိုက်လေယာဉ်များနှင့် လေ့ကျင့်ရေးသာမက အပေါ့စားတိုက်ခိုက်မှုများတွင်ပါ သုံးနိုင်သော Yak-130 အမျိုးအစားလေယာဉ်များ အပါအဝင် Mi17 အမျိုးအစား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များနှင့် Mi 24 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်များကို ဝယ်ယူထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ပေါ်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFs များနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တချို့ (EAOs) ကို မြန်မာစစ်တပ်က လေကြောင်းစစ်ဆင်ရေးများပြုလုပ်နေချိန်တွင် ထိုရုရှား ပိုင်းလော့အရာရှိများက ရောက်ရှိလာခြင်း ဖြစ်သလို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သည့် မြန်မာလေတပ်အရာရှိများ၏ နာမည်စာရင်းများ နေရပ်လိပ်စာနှင့် အတိအကျ ထွက်ပေါ်လာပြီးနောက် နေအိမ်များ တိုက်ခိုက်ခံရချိန်နှင့်လည်း တိုက်ဆိုင် နေသည်။
အာဏာသိမ်းပြီးနောက် ရုရှား- မြန်မာစစ်တပ်အကြား စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်း လာသည်ကို တွေ့ရသလို အာဏာမသိမ်းမီ ရက်ပိုင်းအလိုကလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီရှိုဂု မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထို့အတူ အာဏာသိမ်းပြီးနောက် ကျင်းပသော ၂၀၂၁ ခုနှစ် မတ် ၂၇ ရက် တပ်မတော်နေ့ အခမ်း အနား သို့ ဒုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အလက်ဇန္ဒားဖိုမင်က တက်ရောက်ခဲ့သေးသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir Lvovich kasatonov ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့များအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားစစ်ရေယာဉ် Gremyashiy ပေါ်၌ သွား ရောက်တွေ့ဆုံခဲ့သည်။
You may also like these stories:
လေတပ်အရာရှိ နေအိမ်များကို တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ် ဟု PDF ဆို
ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို
ရုရှား စစ်ဘက်လေကြောင်း အချက်အခြာနေရာသို့ အာဏာသိမ်းခေါင်းဆောင် သွားရောက်
ကန်ဒေါ်လာ ၁၅ သန်းတန် ရုရှလုပ် ရေဒါများ မြန်မာစစ်တပ် ဝယ်
မြန်မာလေတပ်ဦးစီးချုပ် ရုရှားသွားရောက်
ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်
မြန်မာ စစ်ခေါင်းဆောင် ရုရှားသို့ အကြိမ်ကြိမ်သွားသော်လည်း ပူတင်နှင့် တွေ့ခွင့်မရ