အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီက ကျင်းပမည့်ပွဲတက်ရောက်ကြရန် ကြေညာဖိတ်ခေါ်သည့် လုပ်ရပ် အတွက် အနူးအညွတ်တောင်းပန်ကြောင်း မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ (MCC) က ယမန်နေ့က ကြေညာချက်ထုတ်ပြန် လိုက်သည်။
မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်းဟု ခေါင်းစဉ်တပ်ကာ စစ်ကောင်စီ၏ စိန်ရတုပြည်ထောင်စုနေ့နှင့် ငြိမ်းချမ်းရေးအကြိုဆွေနွေးပွဲသို့ တက်ရောက်ကြရန် MCC အနေဖြင့် စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်ကြောင့် “အဖွဲ့ဝင်အသင်းတော်များ၊ ပူးပေါင်းဆက်သွယ်သော အဖွဲ့အစည်းများ၊ ခရစ်ယာန် ညီအကို မောင်နှမများ အား များစွာစိတ်အနှောက်အယှက် ဖြစ်စေသည့်အပြင် စိတ်ထိခိုက်ဝမ်းနည်းစေကြောင်း ကြားသိရသဖြင့် အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု ဆိုထားသည်။
MCC အနေဖြင့် စစ်ကောင်စီအပေါ် အားပေးထောက်ခံမှုသက်ရောက်စေသည့် ကြေညာချက်ကြောင့် ခရစ်ယာန်ဘာသာဝင်များ အကြား ကန့်ကွက်ဝေဖန်မှုများရှိခဲ့သည်အပြင် ၎င်းတို့၏ ရပ်တည်ချက်များနှင့် သွေဖယ်နေသည့်အတွက် လုံးဝရှုံ့ချကန့်ကွက်ကြောင်းနှင့် MCC နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိသည့် လုပ်ငန်းများအား အကန့်အသတ်မရှိရပ်နားထားကြောင်း မြန်မာနိုင်ငံတက္ကသိုလ်ခရစ်ယာန် လုပ်ငန်း (Myanmar SCM) က ကြေညာထားသည်။
မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များကောင်စီ (MCC) အနေဖြင့် စစ်တပ်အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသား ကန့်ကွက်မှုများ မ တွေ့ရသည့်အပြင် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ရာဒေသများတွင် စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ဘုရားကျောင်း များအပါအဝင် နေအိမ်ရာနှင့်ချီကာ မီးရှို့ဖျက်ဆီးနေခြင်းများအပေါ် နှုတ်ဆိတ်နေသည့်အတွက်လည်း နားမလည်နိုင်အောင်ဖြစ်ရကြောင်း ခရစ်ယာန်ဘာသာဝင်တဦးကပြောသည်။
၎င်းက “အထူးသဖြင့် ချင်းလို၊ ကရင်နီလို ခရစ်ယာန်အများစုနေထိုင်တဲ့ ဒေသတွေမှာ စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေ အတွက် MCC အနေနဲ့ တစုံတရာ ဟန့်တားပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော် အတော်များများက ခံစားကြတယ်” ဟု ပြော သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဘုရားကျောင်းများအပါအဝင် မြို့တဝက်နီးပါး လူနေအိမ်များ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံနေရသည့် အပြင် ပြီးခဲ့သည့် ခရစ်စမတ်အကြိုနေ့ကလည်း ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် ဒေသခံပြည်သူ ၃၀ ကျော်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကျူးလွန်ခဲ့ကြသည်။
ယင်းသို့ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူထုခုခံတွန်းလှန်စစ်အား ရင်ဆိုင်နေရသည့် စစ်ကောင်စီအနေဖြင့် ဘာသာရေးအသင်းအဖွဲ့များအား အသုံးချကာ စည်းရုံးလုပ်ဆောင်များ တိုးမြှင့်ပြုလုပ်နေကြောင်း သုံးသပ်မှုများရှိနေပြီး MCC ကဲ့သို့ပင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်၊ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း (YMBA) နှင့် မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) တို့ကလည်း စစ်ကောင်စီ၏ပွဲသို့ တက်ရောက်ရန် ကြေညာထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “စစ်ကောင်စီကတော့ အားပျော့မယ်ထင်ရတဲ့ နေရာတိုင်းမှာ သူ့ရဲ့ဩဇာကို တည်ဆောက်ဖို့ ကြိုးစားမှာပဲ။ သူတို့ဘက်ကို ပွင့်ပွင့်လင်းလင်းရပ်တည် ထောက်ခံတာမျိုး မလုပ်ပေးနိုင်ရင်တောင် သူတို့ကို ဆန့်ကျင်ခုခံနေတဲ့ ပြည်သူတွေဘက်ကို ပါမသွားဖို့ နည်းမျိုးစုံနဲ့ သိမ်းသွင်းမှာပဲ။ အဲဒီမှာ MCC အပါအဝင် ဘာသာရေးအဖွဲ့အစည်းတွေအနေနဲ့ ပါးရည်နပ်ရည်ရှိတဲ့ သုံးသပ်မှုနဲ့ ဓမ္မဘက်က သတ္တိရှိရှိရပ်တည်ပြဖို့ လိုအပ်တာပေါ့” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ မဲစားရင်းမှားယွင်းမှုနှင့် မဲမသမာမှုတွေ့ရှိချက်များဟုဆိုကာ ထုတ်ဝေသည့် စာအုပ်များကို လည်း ဗုဒ္ဓဘာသာ ဆရာတော်ကြီးများနှင့် ကျောင်းတိုက်များအား ပေးဝေးမှုများပြုလုပ်ခဲ့သည်။
ယမန်နေ့ကလည်း နေပြည်တော်တွင် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက YMBA နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် “မိမိအနေဖြင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့မှ တာဝန်ရှိသူများကို လေးစားအားကိုးပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ အနေဖြင့်လည်း နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက် တဖက်တလမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း” ပြောခဲ့သည်။