ရန်ကုန်အင်းစိန်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအချို့၏ ထောင်မှကျွေးသည့် အစားအစာများ မစားခြင်းဖြင့် အဟာရဖြတ်ခြင်းပြုကာ သုံးရက်ကြာဆန္ဒပြလှုပ်ရှားမှု ယမန်နေ့ကပြီးဆုံးခဲ့ပြီဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေတဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများအနေဖြင့် မိမိကိုယ် အဟာရဖြတ်ခြင်းပြုကာ နိုင်ငံရေးသိဒ္ဓိတင်းခြင်းအနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထောင်အတွင်းဆန္ဒပြလှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ထောင်အာဏာပိုင်းများဘက်က တစုံတရာအရေးယူမှု မရှိခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့၏ ရှေ့နေဖြစ်သူက “သူတို့ကို အရေးယူတာ ဘာညာမရှိဘူး။ အားလုံးလည်း ကျန်းမာရေးကောင်းကြပါတယ်” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံသူနိုင်ငံသားများ လက်ခံယုံကြည်သည့် ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေး ယုံကြည်ချက် များအား ဖျောက်ဖျက်ရန်အတွက် ပြည်သူလူထုအား လက်နက်ကြီးငယ်များနှင့် သတ်ဖြတ်ဖြိုခွဲခြင်း၊ သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များအား နံရံများသုံး၍ချုပ်နှောင်ခြင်း၊ ထောင်ဆွေးပုဒ်မများဖြင့် အမိန့်ချခြင်းတို့ကို အာဏာသိမ်းပြီး တနှစ်ကျော်ကာလထိ တစိုက်မတ်မတ် ကျူးလွန်လျှက်ရှိကြောင်း ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူများက ထောင်အတွင်းမှ ပေးစာအနေဖြင့် ဖော်ပြထားသည်။
ယင်းသို့ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်အား အကြမ်းနည်းသုံး၍ နံရံများဖြင့် ဖျောက်ဖျက်ရန်ကြိုးပမ်းမှု မှန်သမျှသည် အချည်းနှီးဖြစ်ပြီး ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်များသည် မြူတမှုန်မျှ လွင့်ပြယ်မသွားကြောင်းနှင့် စစ်ကောင်စီ ကျူးလွန်ခဲ့သော မတရားမှုတိုင်းအတွက် မည်သည့်စကားပြောဆိုမှု၊ မည်သည့်ဆွေးနွေး ညှိုနှိုင်းမှုမျှ မပြုလုပ်လိုသော ကျွန်ုပ်တို့၏သ ဘောထားများအား ဤနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် ကျွန်ုပ်တို့သက်သေထူကြောင်းလည်း ၎င်းတို့ကဆိုထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူသောင်းနှင့်ချီကာ အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများ၊ အချုပ်ခန်း များအတွင်း ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီး လူထု၏ ဆန္ဒပြလှုပ်ရှားမှုများအား ထောင်အတွင်းမှပင် ရသည့်နည်းလမ်းဖြင့် နိုင်ငံရေးအကျဉ်းသားများက ပါဝင်လျှက်ရှိကြသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း တနိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲချိန်တွင် အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများလည်း ပါဝင်ဆန္ဒပြခဲ့ကြပြီး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများအား ထောင်အာဏာပိုင်များက အကြမ်းဖက်ရိုက်နှက်ညှဉ်းပမ်းခြင်း၊ တိုက်ပိတ်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ရိုက်နှက်ခံရမှုကြောင့် ရရှိသည့် ဒဏ်ရာများအား လုံလောက်သည့် ဆေးကုသခွင့်မပေးခဲ့ကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၅၄၉ ဦးသေဆုံးခဲ့ရသည့် အပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၉၁၃၂ ဦးရှိပြီး ဖမ်းဆီးခံထားရသူများ အနက် ကလေးငယ်များအပါ အဝင် ၇၀၉ ဦးမှာ ထောင်ဒဏ်များချမှတ်ခံထားရကြောင်း နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အဆိုပါ အရေအတွက်သည် AAPP က လက်လှမ်းမီစာရင်ပြုစုထားနိုင်သည့် အရေအတွက်သာဖြစ်ပြီး လက်တွေ့ မြေပြင်တွင် သေဆုံးသူနှင့် ဖမ်းဆီးခံရသည့်ဦးရေမှာ ယခုထက်ပိုများနိုင်ကြောင်းလည်း AAPP ဆိုထားသည်။