စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကပေါင်းကျရွာအား အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် မီးရှို့ခဲ့ရာ ယခုတကြိမ်နှင့်ပါဆိုလျှင် ၁၃ ကြိမ်မြောက် ရှိပြီဖြစ်ပြီး နေအိမ်ပေါင်း ၁၂၄ အိမ် မီးလောင်ပျက်စီးခဲ့ပြီ ဖြစ်ကြောင်း ဒေသ ခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ယခု နောက်ဆုံး ဖြစ်စဉ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်ထိ အဆိုပါ ကျေးရွာ အတွင်း တပ်စွဲခဲ့ပြီးနောက် နေအိမ် ၃၉ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ကပေါင်းကျရွာမှ ဒေသခံတဦးက “ရွာကိုတော့ နေ့တိုင်းလိုလို မီးရှို့နေတာပါပဲ။ တခုမဟုတ် တခုကို။ နောက်ဆုံး တခေါက်ဆိုရင် အပျက်အစီးလည်း တော်တော်ရှိတယ်။ တော်တော်များများလည်း ရှောင်ရတယ်။ ပစ်ခတ်မှုလည်း ဖြစ်တယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ထွက်ပြေးနေကြတယ်” ဟု ပြောသည်။
တန့်ဆည်မြို့ အနောက်ခြမ်းတွင် တည်ရှိသည့် ကပေါင်းကျရွာတွင် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၃၀,၀၀၀ ကျော် နေထိုင်ကြောင်း၊ ယင်းကျေးရွာမှာ စစ်ကောင်စီ၏ ရန်ရှာခြင်းကို မကြာခဏ ခံရလေ့ရှိသောကြောင့် ဒေသခံများ နေ အိမ်စွန့်ခွာ ထွက်ပြေးနေရသည်မှာ လနှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး ယခု နောက်ဆုံးတခေါက် ရွာကို မီးရှို့ခံရစဉ်က မည်သူမျှ ရှိမနေကြောင်း သိရသည်။
မီးရှို့မှုများနှင့် ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှတဆင့် ပြန်ကြားသိရသလို ရွာသားတချို့က ရွာသို့ ပြန်ကာ အခြေအနေ သွားကြည့်မှုများမှတဆင့် သိရကြောင်း ဒေသခံများက ပြောသည်။
ထိုကဲ့သို့ ကပေါင်းကျရွာတွင် ၄ ရက်ကြာ တပ်စွဲ၍ နေအိမ်များအား ဖျက်ဆီးခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ရွာမှထွက်ခွာလာသည့်လမ်း ရွာရှည် (မ) ရွာအနီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တန့်ဆည်မြို့နယ်တွင် ယခု ဖေဖော်ဝါရီလ နှစ်ပတ်အတွင်း စစ်ကောင်စီက မီးရှို့သည့် ကျေးရွာလေးရွာအထိ ရှိနေပြီး အိမ်ခြေ ၈၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (PDF) ၏ ထုတ်ပြန်ချက်အရ သိရ သည်။
တန့်ဆည်မြို့နယ် ပုတီးရွာမှ အိမ် ၂၀ နီးပါး၊ ပေချောင်ရွာမှ ၄ လုံး၊ ခရုတောရွာမှ ၁၅ လုံးနှင့် ကပေါင်းကျရွာမှ ၃၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တန့်ဆည် PDF က ပြောသည်။
စစ်အာဏာသိမ်း ကာလ တနှစ်ကျော်အတွင်း စစ်ကောင်စီတပ်မှ မီးရှို့ခြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၄,၅၇၁ လုံးခန့် ရှိခဲ့ကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၂၅၆၇ လုံး ပျက်စီးခဲ့ကြောင်း၊ ချင်းပြည်နယ်မှ ၉၇၆ လုံး၊ မကွေးတိုင်းမှ ၆၂၆ လုံး၊ ကယားပြည်နယ်မှ ၃၁၀ လုံး ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် PDF များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ဒေသခံ သောင်းချီမှာလည်း စစ်ဘေးရှောင်နေကြရသည်။