မကွေးတိုင်းအတွင်း ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများက တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ကို ကျယ်ကျယ်ပြန်ပြန့် အကောင်အထည်ဖော်ပြီး အသက်သွင်းလာနေကြောင်း စုံစမ်းသိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် မကွေးတိုင်းအတွင်းရှိ ပေါက်၊ ထီးလင်း၊ ရေစကြို၊ ဂန့်ဂေါ၊ ဆော၊ မြိုင် စသည့် မြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) က အုပ်ချုပ်ရေးအဖွဲ့ အပါ အဝင် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့များပါ ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယင်းမြို့နယ်များ အတွင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ (ပအဖ) က ပြောသည်။
ဆောမြို့နယ် ပအဖအဖွဲ့ဝင် တဦးက “အခု အချိန်မှာတော့ စစ်ကောင်စီယန္တရားက ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ မြို့ပေါ်လောက်မှာ သူတို့ ရှိသေးတယ်။ ဒါပေမဲ့ မြို့ပေါ်မှာလည်း လိုအပ်ရင် ကျနော်တို့ ဝင်ရောက်လှုပ်ရှားတယ်။ နယ်ဘက် ဆိုရင်တော့ ကျနော်တို့ အုပ်ချုပ်ရေးယန္တရားနဲ့ ဆိုတော့ အစိုးရဆိုတာ ကျနော်တို့ပဲ။ တရားဥပဒေ စိုးမိုးရေးအတွက်မှာပါ ကျနော်တို့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းပေးပြီးတော့ ပြည်သူ့လုံခြုံရေးကို လုပ်ကိုင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆောမြို့နယ်အတွင်း ပြည်သူ့လုံခြုံရေးလုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် CDM (ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှု) ရဲတပ်ဖွဲ့ဝင် ၂၀ ကျော်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ကြားကာလ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း ဖေဖော်ဝါရီ ၈ ရက်စွဲဖြင့် ဆောမြို့နယ် ပအဖအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ဆောမြို့နယ်အတွင်း အုပ်ချုပ်ရေးကိစ္စရပ်များ ထိရောက် လွယ်ကူစေရန် ဆောတိုက်နယ်၊ ကျောက်ထုတိုက်နယ်၊ လောင်းချီတိုက်နယ် စသည်ဖြင့် တိုက်နယ် ၃ ခု သတ်မှတ်ကာ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို ပါ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဆောမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများ အားလုံးကိုလည်း ဖေဖော်ဝါရီ ၅ ရက်၊ ည ၁၂ နာရီ နောက်ဆုံးထားပြီး ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆော ပအဖက ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆောမြို့သီရိရပ်ကွက်ရှိ ကြံ့ခိုင်ရေး ရုံး များ အပါအဝင် စည်ပင်၊ သစ်တော၊ ကျေးလက်၊ မီးသတ်၊ စိုက်ပျိုးရေး စသည့် စစ်ကောင်စီ တပ်စွဲနေထိုင်သည့် ဌာနဆိုင် ရာ ရုံးများကို တိုက်ခိုက်ခဲ့သည်။
ဆောမြို့နယ် ပကဖအဖွဲ့ဝင် တဦးက “ကျနော်တို့ ကြေညာချက်ထုတ်တဲ့ နောက်ပိုင်းမှာ ဝန်ထမ်းများများ ပြည်သူ့ရင်ခွင်ကို ဝင်လာတာ ရှိသလို စစ်ရေးအရ မြို့ပေါ်က ဌာနဆိုင်ရာ ရုံးတွေကို တိုက်ခိုက်တဲ့ နောက်ပိုင်းမှာလည်း ပညာရေး၊ ကျန်း မာရေး၊ စိုက်ပျိုးရေး၊ မီးသတ်ဌာနက ဝန်ထမ်း ၉၀ ကျော်လောက် ဝင်လာတာ ရှိတယ်။ အခုဆိုရင် မြို့ထဲမှာ ရဲတချို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ တချို့ပဲ ကျန်တော့တယ်” ဟု ဆိုသည်။
အလားတူ ဂန့်ဂေါမြို့နယ်အတွင်းတွင်လည်း ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများက အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင်များက ပြောသည်။
ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင် တဦးက “စစ်ကောင်စီ ယန္တရားကတော့ လက်ရှိအချိန်အထိ ရှိသေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ယန္တရား မလည်ပတ်နိုင်သေးဘူး။ နယ်ဘက်မှာတော့ ကျနော်တို့ အုပ်ချုပ်ရေးကို ထူထောင်တယ်ပေါ့။ နယ်မြေစိုးမှုအရ တိုင်းတာမယ် ဆိုရင်တော့ အားပြိုင်နေတဲ့ အခြေအနေ ရှိနေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း လက်ရှိ အခြေအနေတွင် စစ်ကောင်စီ အုပ်ချုပ်ရေးနေရာ၌ အစားထိုး နိုင်ရေးအတွက် ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ လက်အောက်မှ အမြန်ဆုံး နုတ်ထွက်စွန့်ခွာလာရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့ရင်ခွင်ထဲသို့ ဝင်ရောက်လာသည့် ဝန်ထမ်းများ အမြောက်အမြား ရှိနေသည့်အတွက် ဌာနများမှ ဝန်ထမ်းများ လုပ်ငန်းစွန့်ခွာ ထွက်လာမှုကို လုပ်ထုံး၊ လုပ်နည်းနှင့်အညီ လက်ခံဆောင်ရွက်လျက် ရှိကြောင်း၊ ဌာနမှ စွန့်ခွာ လာမည့် ဝန်ထမ်းများ အနေဖြင့်လည်း ယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လိပ်မူပြီး စစ်ကောင်စီကို အပြီးအပိုင် စွန့် ခွာပြီး အမျိုးသားညွတ်ရေးအစိုးရ (NUG) အား သစ္စာခံပါမည်ဟု ကတိဝန်ခံချက် ပေးရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင် တဦးက “ထုတ်ပြန်ချက်ကတော့ ဝန်ထမ်းတွေ ကျနော်တို့အဖွဲ့ကို ဆက်သွယ်လို့ လွယ်အောင် ထုတ်ပြန်ထားတာ။ တော်တော်များများ ကျနော်တို့နဲ့ ပူူးပေါင်းလာကြတာ ရှိတယ်ဆိုတော့ CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ဘယ်လို အရေးယူမလဲ ဆိုတာတော့ ကျနော်တို့ တိုင်ပင်ရအုံးမယ်။ ဘာကြောင့်လဲဆို ဌာနဆိုင်ရာ ယန္တရားက မလည်ပတ် နိုင်တော့ဘဲ ပျက်နေတဲ့ အခြေအနေဆိုတော့ ကျနော်တို့ အနေနဲ့လည်း ဖိအားပေးစရာ မလိုသေးဘူး” ဟု ရှင်းပြသည်။
မကွေးတိုင်းအတွင်း ခရိုင် ၅ ခရိုင်၊ မြို့နယ်ပေါင်း ၂၅ မြို့နယ် ရှိပြီး စစ်ကိုင်းတိုင်းအစပ် မြို့နယ်များဖြစ်သည့် ဂန့်ဂေါ၊ ဆော၊ မြိုင်၊ ရေစကြို၊ ပေါက်၊ ထီးလင်း စသည့် မြို့နယ်များတွင် သက်ဆိုင်ရာ ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများက အတိုင်း အတာတခုထိ အုပ်ချုပ်ရေး ကိစ္စရပ်များကို ထူထောင်ထားနိုင်ပြီး မကွေးမြို့ အပါအဝင် မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူ စသည့် ဒေသများတွင် စစ်ကောင်စီယန္တရား တပိုင်းတစ လည်ပတ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာမှ ဦးတင်ဌေးက “ကျနော်တို့ ရွာမှာတော့ ပျူတွေ သောင်းကျန်းလို့ တရွာလုံး ထွက် ပြေးနေရတယ်ဗျ။ အဲဒီ ပတ်ဝန်းကျင်မှာ ကျနော်တို့ ရွာတရွာပဲ။ ကျန်တဲ့ ရွာတွေက ပျူတွေ အားမကောင်းဘူး။ ပျူတွေ စစ်ကောင်စီကို သတင်းပေးပြီး ညဘက်ဆို ဝင်ဆွဲနေတယ်။ ရွာမှာ လူအများစု မရှိတဲ့အခါ PDF တွေ အခိုင်အမာ နေလို့ မရဘူး ဖြစ်နေတယ်” ဟု ပြောဆိုသည်။
မကွေး မြို့ခံတဦးကလည်း လက်ရှိ အခြေအနေတွင် ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်ကိုင်းတိုင်းအစပ် မြို့နယ်များကို လွှမ်းမိုးထားနိုင်သည်ဟု ပြောနိုင်ကြောင်း၊ မကွေးမြို့နှင့် မင်းလှ၊ မင်းဘူးမြို့နယ်များဘက်တွင် စစ်ကောင်စီ ယန္တရား တည်ရှိနေသေးသော်လည်း အပြည့်အဝ မလည်ပတ်နိုင်တော့ကြောင်း ပြောသည်။
၎င်းက “ပြည်သူတွေလည်း PDF ကိုပဲ အားကိုးတယ်၊ ထောက်ခံကြတဲ့အခါ ဝန်ထမ်းတွေ အပြင်ထွက်ရင်တောင် ယူနီဖောင်း ဝတ်ပြီးကို အပြင်ထွက်လို့ မရတော့ဘူး။ ရုံးသွားရင်လည်း ယူနီဖောင်းကို အိတ်ထဲထည့်ပြီး ဟိုရောက်မှ ထုတ်ဝတ်။ ဒီလို အနေအထား ရှိတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် မကွေးတိုင်း အပါအဝင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေ သကာကွယ်ရေးတပ်ဖွဲ့များကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ၏ ပြောက်ကျားတိုက်ခိုက်ခြင်း၊ ကြားဖြတ် မိုင်းဆွဲခံရခြင်းနှင့် ခြုံခိုတိုက်ခိုက်ခြင်းများကို အလူးအလဲ ခံရသည့်အတွက် မြေပြင်စစ်ဆင်ရေးထက် လေကြောင်းတိုက်ခိုက်မှုကိုသာ အားကိုးလာနေသည်။
ထို့ပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ယင်းဒေသများရှိ ကျေးရွာများအား ဝင်ရောက်စီးနင်းခြင်း၊ ဒေသခံများအား အကြမ်း ဖက် ဖမ်းဆီးနှိပ်စက်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်ရာဇဝတ်မှုများကိုလည်း ကျူးလွန်လျက် ရှိသည်။
You may also like these stories:
စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ
မုံရွာတွင် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းအပေါ် အရေးယူမှု စတော့မည်
စစ်ကိုင်းမှာ အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရ ၂ ရက်အတွင်း ၃၀ ကျော်သေဆုံး
ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး