စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ လက်နက်ကိုင် ပျူစောထီး ကျေးရွာများဖြစ်သည့် ဇီးဖြူကုန်းနှင့် အင်မထီးတို့ရှိ စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက တိုက်ခိုက်ခဲ့ပြီး စခန်းတခုကိုလည်း ဝင်ရောက်စီနင်း သိမ်းပိုက် ခဲ့ကြောင်း မြို့နယ်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ဇီးဖြူကုန်း ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများရှိရာ တပ်စခန်းကို မြန်မာ့တော်ဝင်နဂါး တပ်တော်နှင့် မြင်းခြံ ZERO ပြောက်ကျားတပ်တို့က ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ ခြင်း ဖြစ်သည်။
PDF အင်အား ၃၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည့် နာရီဝက်ကြာ အဆိုပါ တိုက်ခိုက်မှုတွင် ပျူစောထီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀ ကျော် သေဆုံးပြီး ၂၀ ကျော်မှာ ရွာကိုထားကာ ထွက်ပြေးသွားခဲ့ကြောင်း ပုလဲ မြို့နယ် PDF ခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်နဂါးက ပြောသည်။
၎င်းက “အဲဒီနေ့ကတော့ အခြေစိုက်စခန်းကို အပြတ်စီးပစ်လိုက်တာပေါ့။ ရန်သူကို တိုက်ပြီးတော့ အရှင်မိရင် ပကဖ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) ကို အပ်မှာပေါ့။ ဒါပေမဲ့ အရှင်မိတာမျိုး မရှိဘူး။ လက်ကျန်အဖွဲ့ ၂၀ ကျော်လောက်က ထွက် ပြေးသွားတယ်။ ကျန်တဲ့ကောင်တွေက အဲဒီမှာတင်သေလို့ ကျနော်တို့ ဆုတ်လာတယ်။ စစ်ကောင်စီရော၊ ပျူစော ထီးရောအပါ ၄၀ ကျော်လောက် ကျတယ်။ မနေ့ကတော့ တိုက်ခိုက်ရေးရော တွဲပြီးသုံးလို့ရတဲ့ ဒရုန်းအကြီးကြီး ၁ စီး ဝဲပြီး ကင်းထောက် ပေးထားရင်းနဲ့ အလောင်းကောက်နေတယ်” ဟု အတည်ပြုသည်။
ယင်းနေ့ တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

ပုလဲမြို့နယ်တွင် ပျူစောထီးတပ်ဖွဲ့ဝင်များ အင်အားတောင့်တင်းပြီး သင်တန်းများ ပေးနေသည့် အဆိုပါ ဇီးဖြူကုန်း နှင့် အင်မထီးကျေးရွာတို့ကို ပုလဲဒေသကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဇန်နဝါရီ လကုန်ပိုင်းနှင့် ဖေဖော်ဝါရီတို့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အဆိုပါ ကျေးရွာ ၂ ရွာကို ၁၀ ကြိမ်ခန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Pale People’s Defence Force – Headquarters အဖွဲ့က ဆိုသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း အင်မထီးကျေးရွာမှ ပျူစောထီးစခန်းကို ပုလဲမြို့နယ် PDF ပူးပေါင်းတပ်များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး အနည်းဆုံး ၄ ဦး သေဆုံးမှု ရှိကြောင်း Pale People’s Defence Force – Headquarters ထံမှ သိရသည်။
Pale People’s Defence Force – Headquarters မှ ပြန်ကြားရေးတာဝန်ခံက “သူတို့က (ပျူစောထီး) က အကြမ်း ဖက် စစ်ကောင်စီကို ထောက်ခံတာက တကြောင်းရယ်၊ ပြည်သူလူထုကို လက်နက်ကိုင်ပြီးတော့ ခြိမ်းခြောက်တာတွေ ရှိတယ်။ ဇီးဖြူကုန်းရွာရဲ့ အနောက်ဘက်မှာ ရှိတဲ့ရွာကို မင်းတို့ရွာက ဒီဘက်ထွက်မလာနဲ့၊ လာလို့ရှိရင် ပစ်သတ်မှာ ဆိုပြီး ခြိမ်းခြောက်မှုတွေပါ ရှိတယ်။ ပုဂ္ဂိုလ်ရေးအရ ပြည်သူတွေကို ဖမ်းဆီးတာတွေလည်း ရှိတယ်။ အဲဒါကြောင့်မလို့ ပြည်သူ့ရဲဘော်တွေက အဲဒီရွာတွေကို ပစ်မှတ်ထားပြီးတော့ လုပ်ရတာဗျ” ဟု ပြောသည်။
၎င်းက ဆက်၍ “အခုဆို ပြည်သူတွေ အနေနဲ့က ကျီးလန့်စာ စားနေရတာ။ ရွာတိုင်းရွာတိုင်းမှာ အထုပ်အပိုးတွေ ပြင်ပြီးတော့ နေနေကြရတာ။ ဘယ်ကိုလာမယ် မသိကြဘူး။ ပျူစောထီးတွေ ပါနေတော့ သူတို့က နယ်ခံတွေဖြစ်တော့ လမ်းကြောင်းကို သူတို့ ကျွမ်းတော့ ပြည်သူတွေအနေနဲ့ ညဆိုလည်း အေးဆေးမအိပ်ရဘူး။ အဲဒါကြောင့် ကျနော်တို့ကတော့ ပြတ်ပြတ်သားသား လုပ်ဆောင်ရမှာ” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း ၃ ရက်အတွင်း ပုလဲမြို့နယ်မှ ဒေသခံများ၏ နေအိမ် ၈၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရမှုတွင် စစ်ကောင်စီ တပ်နှင့်အတူ ပျူစောထီး အဖွဲ့ဝင်များလည်း ပါဝင်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက ဆိုသည်။
ဇန်နဝါရီ ၃၁ ရက်က မွေ့တုံနှင့် ပန်းရွာတွင် အိမ်ခြေ ၃၀၀ ကျော်၊ ဖေဖော်ဝါရီ ၄ ရက်က ကိုင်းတွင်းရွာတွင် အိမ် ၂၀၀ နီးပါး၊ ဖေဖော်ဝါရီ ၅ ရက် လှော်ကားရွာတွင် အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ သည့် ကျေးရွာများမှ ဒေသခံများ ပိုင်ဆိုင်သော ပစ္စည်းများကိုလည်း မီးမလောင်ခင်ကပင် ဇီးဖြူကုန်း၊ အင်မထီးကျေး ရွာနှင့် ပုလဲမြို့ပေါ်များသို့ သယ်ယူသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။
Data for Myanmar အဖွဲ့က ကောက်ယူရရှိထားသည့် စာရင်းများအရ စစ်အာဏာသိမ်းကာလ တနှစ်ကျော်အတွင်း စစ်ကောင်စီတပ်က မီးရှို့ခြင်းကြောင့် ပျက်စီးသွားသည့် လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၄,၅၇၁ လုံးခန့် ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး ၂၅၆၇ လုံး ပျက်စီးခဲ့ကြောင်း၊ ချင်းပြည်နယ်မှ ၉၇၆ လုံး၊ မကွေးတိုင်းမှ ၆၂၆ လုံး၊ ကယားပြည်နယ်မှ ၃၁၀ လုံး ဖြစ်ကြောင်း သိရသည်။
ဗိုလ်နဂါးက “တိုင်းပြည်မှာ အဆိုးရွားဆုံး၊ အရက်စက်ဆုံးအုပ်စု ဖြစ်နေတဲ့အတွက် ပြည်သူလူထုအတွက် တိုက်ခိုက်ရ ခြင်း ဖြစ်တယ်။ ပျူတွေက ကျေးရွာတွေမှာ ထွက်ပြီးတော့ ပစ္စည်းတွေ လုတယ်၊ ဖောက်တယ်၊ မီးရှို့တယ်။ ရွာသူရွာ သားတွေကို နှိပ်စက်တယ်။ လိင်အကြမ်းဖက်တယ်။ ရန်သူ့ဘက်ကလည်း ပြင်းထန်တဲ့ စစ်အရှိန်အဟုန်မြှင့်ဖို့ ရှိမှာပဲ။ ကျနော်တို့ အနေနဲ့လည်း တိုင်းပြည် လွတ်လပ်ရေး ရဖို့ကတော့ တနေ့ပြီးတနေ့ ပိုပိုတိုးပြီး ပြင်းထန်တဲ့ တိုက်ခိုက်ရေး တွေကို လုပ်သွားမှာ” ဟု ပြောသည်။
You may also like these stories:
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး
စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်