သတင်း

NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို

စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးက ၎င်းအပေါ် စွပ်စွဲကာတရားစွဲဆိုထားမှုအား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်အလက်များအား သက်သေထားကာ ယမန်နေ့ရုံးချိန်းတွင်း ကိုယ်တိုင်ထုချေထွက်ဆိုခဲ့သည်။

ကိုမြအေးအနေဖြင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်းဆိုသူနှင့် အီးမေးလ် (E-mail) ကတဆင့် ဆက်သွယ်ပြောဆိုခဲ့သည်ဟုစွပ်စွဲကာ မင်္လာတောင်ညွှန့်မြို့နယ် ဒုရဲမှူးဇော်မင်းသူဆိုသူက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ဂ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ရှေ့နေဖြစ်သူက “ဦးမြအေးကြောင့် ဘယ်သူ လူတဦးတယောက်မှ ပြစ်မှုကျူးလွန်ခဲ့တာမျိုးမရှိဘူး၊ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံကြား၊ လူမျိုး တခုနဲ့ တခုကြား ပြစ်မှုဖြစ်ပွားခဲ့တာ မရှိဘူး။ ဦးမြအေးက ငြိမ်းချမ်းရေးအတွက်ပဲ အစဉ်တစိုက် ကြိုးစားခဲ့တယ်၊ အစိုးရတရပ်ပေးတဲ့ တာဝန်ပေးချက်အပေါ်မှာ မူတည်ပြီး တာဝန်ကျေအောင် ဆောင်ရွက်ခဲ့တာ တွေ့တယ်၊ ဒီအမှုကို ကျူးလွန်ခဲ့တာမျိုး မတွေ့ဘူး” ဟု ပြောသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ဂ တွင် “လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တဖက်နှင့်တဖက် ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းရေးတာဝန်ခံတဦးအဖြစ် တာဝန်ယူခဲ့သူ ကိုမြအေးအနေဖြင့် ဦးသိန်းစိန်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်ဆဲရေး ကြိုးပမ်းစဉ်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရကြား အသိသက်သေအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ယင်းအတွက် ၎င်း၏ဆက်သွယ်ခဲ့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီစွပ်စွဲချက်အပေါ် ထုချေသည့်အနေဖြင့် NCA လက်မှတ်ရေးထိုးစဉ်က ပါဝင်လက်မှတ်ရေးထိုးမှုများ၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သည့် စာချုပ်စာတမ်း လက်မှတ်ရေးထိုးမှုများအား သက်သေခံ တင်ပြခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိကြောင်းလည်း တရားခွင်တွင် ကိုမြအေးက ထွက်ဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုမြအေးအနေဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ တနှစ်ကျော်ပြီဖြစ်ပြီး နှလုံးနှင့် ပတ်သက်သည့် ရောဂါအခံအပြင် ထောင်အတွင်းနေစဉ် ခြေထောက်ပိုးဝင်သည့် ရောဂါဝေဒနာထပ်မံခံစားနေရပြီး အပတ်စဉ် ဆေးရုံးပြသ ကုသနေရဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းမဖြစ်ခင်ကလည်း ထောင်အတွင်း ချော်လဲကာ သတိလစ်မေ့မြောသွားခဲ့သည့်အတွက် ဆေးရုံးတက်ရောက်ကာ ကုသမှုခံယူခဲ့ရသေးသည်။

၎င်း၏ရှေ့နေဖြစ်သူက “ဦးမြက ဆေးရုံကို ရောက်သွားတာမြန်လို့။ ပေါင်ရင်းက သွေးကြောပိတ်ပြီး နှလုံးကို ထိနိုင်တဲ့ အနေအထား တောင်ရှိနိုင်တယ်။ မမြန်ခဲ့ရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမယ့် အခုထိ ဂရုစိုက်နေရတုန်း။ အထဲမှာက ရေအိမ် သန့်ရှင်းရေး ဘာညာ အားနည်းတော့ ပိုးဝင်တာတွေဘာတွေ မဖြစ်အောင် ဂရုစိုက်ရအောင်။ အထဲမှာလည်း ဖျားနာတာတွေ ရှိတော့ တောက်လျှောက်ကတော့ စိုးရိမ်တာတွေ ဖြစ်နေရပါတယ်” ဟု ပြောသည်။

အင်စိန်းထောင်အတွင်း ချုပ်နှောင်ခံထားရသည်မှာ တနှစ်ကျော်လာပြီဖြစ်သည့် ကိုမြအေးအနေဖြင့် လတ်တလော တရားရင်ဆိုင်ရမှုအား အမြန်ပြီးပြတ်ချင်သည့် ဆန္ဒရှိပြီး ပြီးပြတ်ပါက ဆေးရုံးတက်ကာ ကုသမှုခံယူမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကိုမြအေးအနေဖြင့် အခြားသက်သေများ တင်ပြခြင်းမရှိသည့်အတွက် လာမည့် မတ်လ ၁ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးကြမည်ဖြစ်ပြီး မတ်အတွင်းမှာပင် အမိန့်ချဖွယ်ရှိနေသည်။

Loading