စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအား နှိမ်နှင်းရန် စစ်ဆင်ရေးတာဝန်များကို စစ်တိုင်းမှူးများ အထက်မှနေ၍ စီမံကွပ်ကဲရန် တာဝန်ပေးထားသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၆ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း နေပြည်တော်စစ်ရုံးချုပ်တွင်ရှိသော ဧရာဝတီသတင်းရင်းမြစ်များထံမှ သိရသည်။
အခုလို ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ကစထ-၆ မှူး ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် စစ်ကိုင်း မကွေးတိုင်းနှင့် ချင်းပြည်နယ်ကို ထိန်းချုပ်သော အနောက်မြောက်တိုင်း (နမခ) စစ်ဌာနချုပ်၏ စစ်ဆင်ရေးများ မအောင်မြင်ကြောင်း ပြသနေသကဲ့သို့ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးသည့်အချိန်က စ၍ စစ်တက္ကသိုလ်အပတ်စဉ် ၂၉ (DSA-29) သင်တန်းဆင်း ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ခေါင်းမာဂိုဏ်းသားတဦးအဖြစ် နာမည်ကြီးပြီး ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ်နှင့် ကစထ-၆ မှူး တာဝန်ပေးအပ်ခံခဲ့ရသည်။
ထို့နောက် စစ်ကိုင်းတိုင်း မကွေးတိုင်းနှင့် ချင်းပြည်နယ်တွင် အနော်ရထာ၊ အလောင်းမင်းတရား စသည့် စစ်ဆင်ရေးအမည်များဖြင့် PDF များအားနှိမ်နှင်းရန် တာဝန်ပေးခံရပြီး မုံရွာမြို့အခြေစိုက် နမခ စစ်ဌာနချုပ်တွင် နေထိုင်ကာ စစ်ဆင်ရေးများအား အနီးကပ်ကွပ်ကဲစေခဲ့သည်။
သို့ရာတွင် ၎င်းတာဝန်ယူပြီးနောက်ပိုင်းတွင်လည်း လက်နက်ကိုင်ပုန်ကန်နေမှုများ ကျဆင်းမသွားဘဲ လတ်တလော စစ်တပ်က အရပ်သားများကို သတ်ဖြတ်မှုများနှင့် ကျေးရွာများအား မီးလောင်တိုက်သွင်းမှုများသာ ပိုတိုးလာခဲ့သည်။
ထို့သို့ နမခတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအား သတ်ဖြတ်နေခြင်းနှင့် ကျေးရွာများအား မီးရှို့နေသည်များအား ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၏ မိသားစုဝင်များက မကြိုက်နှစ်သက်သဖြင့် ထိုအလုပ်မှ အနားယူရန် မကြာခဏ တိုက်တွန်းပြောဆိုမှုများ ရှိသည်ဟု မိသားဝင်များနှင့် နီးစပ်သူများက ဧရာဝတီကို ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်သည် ညီအရင်းကိုပင် သတ်ဖြတ်ခဲ့သည်ဟုပင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူ၏ ညီအရင်းဖြစ်သူ ကိုမဲကြီး(ခ) ကိုစိုးမိုးလှိုင်မှာ သူကွပ်ကဲသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို ခံရပြီးနောက် စစ်ကြောရေးတွင် ၂၀၂၁ ခုနှစ် မေလ ၂၄ ရက် ညပိုင်းက နှိပ်စက်ညှင်းပမ်းသော ဒဏ်ဖြင့် သေဆုံးခဲ့ရသည်။
ကိုမဲကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တပ်ရင်း ၁၀၂ (ဘုရား သုံးဆူ) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တဦးဖြစ်ပြီး ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာပြီးနောက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရရှိခြင်းအပေါ် ထောက်ခံဆန္ဒပြရာတွင် ပါဝင် သည့်အတွက် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။
ဖယ်ရှားလိုက်သော ကစထ-၆ မှူး တာဝန်အား ဒုဗိုလ်ချုပ်ကြီးသန်းထွန်းဦးအား တာဝန်ပေးထားကြောင်း စစ်ရုံးချုပ်တွင်ရှိသော ဧရာဝတီသတင်းရင်းမြစ်များက ဆိုသည်။ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ကစထမှူးရာထူးမှ ဖယ်ရှားလိုက်သော်လည်း ပြည်ထဲရေး ဒုဝန်ကြီးတာဝန်နှင့် ရဲချုပ်တာဝန်များကမူ ဆက်လက်တာဝန်ပေးထားကြောင်း စုံစမ်းသိရှိရသည်။
မြန်မာစစ်တပ်တွင် နောက်ထပ်ရာထူးတဆင့်တိုးပေးရန် လျာထားသူများအား ကစထမှူး တာဝန်ပေးထားလေ့ရှိသောကြောင့် ယခုလို ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင် ဖယ်ရှားခံ ထိခြင်းသည် အာဏာသိမ်း စစ်အုပ်စုအတွင်း ရှေ့လျှောက် ရာထူးတက်နိုင်သည်ဟု ယူဆထားသော ခေါင်းမာဂိုဏ်းသားတဦး ခေါင်းကျိုးသွားခြင်းအဖြစ်လည်း ကောက်ယူရှုမြင်နေကြသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ စစ်ကောင်စီကို ဆန့်ကျင်ပုန်ကန်နေသည့် PDF တပ်ဖွဲ့ဝင်များအား မနှိမ်နှင်းနိုင်သည့်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖြိုးသန့်ကိုလည်း မကြာသေးခင်က ရာထူးမှ ဖယ်ရှားခဲ့သည်။
You may also like these stories:
စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား
စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်
စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး၏ ညီ စစ်ကြောရေးတွင် သေဆုံး
စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်