ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပခဲ့သည့် (၇၂) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်း မှု ဖြစ်စဉ်များကို ရိုက်ကူးထားသော “Myanmar Diaries” မှတ်တမ်း ရုပ်ရှင်ကားသည် “Berlinale Documentary Award” (ဘာလင် မှတ်တမ်းရုပ်ရှင်ဆု) ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်သည် ကြာမြင့်ချိန် မိနစ် ၇၀ ရှိပြီး လုံခြုံရေး အရ အမည်မဖော်လိုသည့် မြန်မာရုပ်ရှင်ဒါရိုက်တာ ၁၀ ဦးက စုပေါင်းဖန်တီးထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းမှုမှစ၍ ၁ နှစ်တာအတွင်း မြန်မာပြည်သူများ ကြုံတွေ့ခဲ့ရ သော စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အဖြစ်အပျက်များကို မှတ်တမ်းရုပ်ရှင် အဖြစ် ဖန်တီးတင်ဆက်ထားခြင်း ဖြစ်သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ဆုအတွက် အဆိုပါ မြန်မာဒါရိုက်တာများ ကိုယ်စားလှယ် ချက်နိုင်ငံသား ဒါရိုက်တာ Petr Lom နှင့် ဒတ်ချ်နိုင်ငံမှ ထုတ်လုပ်သူ Corinne Van Egeraat တို့က ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် (၇၂) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ကာ ဆုလက်ခံရယူခဲ့ ကြသည်။ ထို့အပြင် ဆုကြေးငွေအဖြစ် ယူရို ၄၀,၀၀၀ ရရှိမည် ဟု သိရသည်။
“Myanmar Diaries” မှတ်တမ်း ရုပ်ရှင်ကား၏ အဖွင့်ကို စစ်တပ်က အာဏာသိမ်းသည့်နေ့ နံနက်ခင်း အစောပိုင်းတွင် နေပြည်တော်၌ စစ်ကားများ နောက်ခံဖြင့် ကိုယ်ကာယကြံ့ခိုင်မှုေ့လကျင့်ခန်း (အေရိုးဗစ်) ကစားနေသည့် အမျိုးသမီး တဦး ၏ ဇာတ်ဝင်ခန်းဖြင့် စတင်ထားသည်။
ထို့နောက် ဇာတ်ကားတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများနှင့် အာဏာဖီဆန်မှုများကို မှတ်တမ်းအနေဖြင့် ပြသထားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်တပ်က လူမဆန်စွာ လက်နက်အားကိုးဖြင့် အကြမ်းဖက် နှိမ်နင်းခဲ့ပုံများကို အသက်အန္တရာယ်များကြားမှ စွန့်စားကာ ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုများလည်း ပါဝင်သည်။
ယင်းဇာတ်ကားတွင် စစ်အာဏာသိမ်းမှုကာလ မှတ်တမ်း ပြကွက်များအပြင် မြန်မာပြည်သူတရပ်လုံး ကြုံတွေ့ခံစားခဲ့ရသည့် ကြောက်ရွံ့မှု၊ နာကျင်မှု၊ ဝမ်းနည်းကြေကွဲမှု၊ ဆန္ဒပြရာတွင် လက်နက်ဖြင့် အကြမ်းဖက် နှိမ်နင်းမှုကြောင့် သေဆုံးမှုများ စသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများကိုလည်း ရိုက်ကူး ပြသထားသည်။
အဆိုပါ “Myanmar Diaries” မှတ်တမ်းရုပ်ရှင်ကို နယ်သာလန်မှ Zin မှတ်တမ်း ရုပ်ရှင်ထုတ်လုပ်ရေး၊ နော်ဝေမှ Ten Thousand Images နှင့် မြန်မာနိုင်ငံမှ Myanmar Film Collective စသည့် အဖွဲ့ ၃ ဖွဲ့က စုပေါင်း ထုတ်လုပ်ခြင်း ဖြစ်ပြီး ဇာတ်ကား၏ မူပိုင်ခွင့်ကို ဩစတြီးယား အခြေစိုက် Autlook Filmsales ကုမ္ပဏီက ရယူထားသည်။
အဆိုပါ ရုပ်ရှင်ဆုသည် အမည်မဖော်လိုသည့် မြန်မာလူငယ် ရုပ်ရှင်ဒါရိုက်တာများ၏ ရဲစွမ်းသတ္တိနှင့် စွမ်းရည်ကို ချီးမြှင့်ခြင်း ဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် အရေးပါသည့် မြန်မာ Generation Z လူငယ် သူရဲကောင်းများကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ
ဒါရိုက်တာ သိန်းဒန်ကို ပြန်လွှတ်ပေးရန် ဂျပန်ဒါရိုက်တာများ တောင်းဆို