စစ်ကောင်စီက ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲထားသည့် ဒုရဲအုပ် ချယ်ရီထက် အမှု ယနေ့ရုံးထုတ်စစ်ဆေးရာ ကာယကံရှင်က ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ် သူတဦးထံမှ သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန်ယူခဲ့သူ ဒုရဲအုပ် ချယ်ရီထက်အား စစ်တပ်အာဏာသိမ်းပြီးနောက် အကျယ်ချုပ်သဘောဖြင့် စောင့်ကြည့်ကာ ရုံးတက်စေရာမှ ၂၀၂၁ ခုနှစ် စက်တင်ဘာ တွင် ဖမ်းဆီးကာ အမှုဖွင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ တရားရုံးနှင့် နီးစပ်သူက “ ဒီနေ့ သူ့ကိုစစ်တာမှာ အပြစ်မရှိဘူးလို့ ပြောတယ်၊ သူတို့(စစ်ကောင်စီ)စွပ်စွဲသလို ရည်ရွယ်ချက်တွေနဲ့ လုပ်ခဲ့တာလည်းမရှိဘူးလို့ ထွက်ဆိုသွားပါတယ်” ဟု ပြောသည်။
ဒုရဲအုပ် ချယ်ရီထက် အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် May Mi အမည်ရှိ Facebook အကောင့်တွင် “လွမ်းလိုက်တာ အမေ”ဟူသော စာသားအား Share ခြင်း၊ “ မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ် ထားပါ၊ တရားပါတယ်လို့တော့ မပြောပါနဲ့” ဟူသည့် စာသားများရေးတင်ခဲ့ကြောင်း၊ ထို့အတူ NLD ပါတီ၏ ဘီးလင်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနှင့် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း စသည်ဖြင့်စွပ်စွဲကာ တရားစွဲဆိုခံရခြင်းဖြစ်သည်။
ထို့အပြင် ဒုရဲအုပ်ချယ်ရီထက်အနေဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ရဲစည်းကမ်း ဖောက်ဖျက်သည် ဆိုကာ ရဲတရားရုံးဖြင့် စစ်ဆေးပြီး ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
လက်ရှိ ၎င်းအပေါ် တရားစွဲထားသည့် ပုဒ်မ ၅၀၅-က အမှုနှင့်ပတ်သက်၍ လာမည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုံးချိန်းတွင် ဒုရဲအုပ်ချယ်ရီထက်၏ ဘက်မှတင်ပြထားသည့် သက်သေများအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် သက်တော်စောင့် ချယ်ရီထက် ထောင် ၃ နှစ်ချမှတ်ခံရ
ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်
ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ချယ်ရီထက်အား ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်