စစ်ကိုင်းတိုင်း၊ တမူူးခရိုင်၊ မြို့သစ်မြို့နယ် (ခွဲ) အတွင်းရှိ နယ်စပ်နှင့် ထိစပ်နေသည့် တောတောင်များမှ သစ်များကို အိန္ဒိယ နိုင်ငံသို့ ခိုးထုတ်ရောင်းချနေမှုမှာ ဆိုးရွားစွာ မြင့်မားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းနယ်အတွင်းရှိ သစ်များကို အာဏာပိုင်များနှင့် နီးစပ်သည့် စီးပွားရေးသမားများသာမက အိန္ဒိယနိုင်ငံသားများပါ ဝင်ရောက် ခိုးထုတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
တမူးဒေသခံ ကိုရောဘတ်က “တမူး အထက်ပိုင်း တကြောလုံးကို စက်ယန္တရားတွေနဲ့ လမ်းဖောက်ပြီး အပြောင်ခုတ်နေ တာ။ တနေ့ကို ပုံမှန် သစ်တင်တဲ့ ကားကြီးတွေ ၁၀၀ ကနေ ၁၅၀ အထိ အိန္ဒိယဘက်ကို သစ်ခိုးထုတ်နေတယ်။ အခြေ အနေ ကောင်းတဲ့နေ့ဆိုရင် ကားအစီးရေ ၃၀၀ ထိ ရှိတယ်။ အဆိုးဆုံးကတော့ အိန္ဒိယနိုင်ငံသားတွေပါ ဝင်လာပြီးတော့ ခုတ်လို့ရတဲ့ သစ်ပင်မှန်သမျှကို အကုန်ခုတ်ယူနေတာက တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြော သည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်သည်ကို အခွင့်ကောင်းယူနေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း စီးပွားရေး သမားတချို့ အဓိက သစ်ခိုးထုတ်နေသည့် နေရာများမှာ မြို့သစ်မြို့နယ် (ခွဲ) အတွင်းရှိ မင်းသာကျေးရွာ၊ တုံးကျော်ကျေးရွာ၊ သနန်းကျေးရွာ၊ အောင်ဇေယျကျေးရွာ၊ ဖိုင်လင်းကျေးရွာ အနီးတဝိုက်ရှိ တောင်တန်းများပေါ်မှဖြစ်ပြီး ယင်းဒေသအတွင်း ကျွန်း၊ ကညင်နှင့် တခြားသော သစ်မာ အမျိုးအစားများ ပေါက်ရောက်ကြောင်း သိရသည်။
ထို့ပြင် မင်းသာကျေးရွာအုပ်စု ကျွန်းပင်သာကျေးရွာနှင့် တုံးကျော်ကျေးရွာ အနီးတဝိုက်တွင်လည်း အိန္ဒိယနိုင်ငံသားများပါ ယင်းဒေသအတွင်းရှိ လက်နက်ကိုင်အုပ်စုနှင့် ပေါင်းပြီး သစ်ခိုးထုတ်နေမှုကို ပြောင်းပြောင်းတင်းတင်း လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။
တမူးမြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဒေသခံတဦးက “အရင်တုန်းကလည်း သစ်ခိုးထုတ်မှု မရှိဘူးလား ဆိုတော့ ရှိတယ်။ ဒီလောက်တော့ မများဘူး။ အခုက နိုင်ငံရေး အခြေအနေ မကောင်းတာကို အခွင့်ကောင်းယူပြီး အပြောင်ခုတ်နေတာ။ စစ်ကောင်စီနဲ့ ပေါင်းတဲ့ အုပ်ကြီးတွေနဲ့၊ ဌာနဆိုင်ရာတွေနဲ့ သူတို့ လက်ထဲကို ငွေရောက်ရင်ပြီးရော လုပ်နေတာ။ သူတို့ ကိုယ်တိုင် ဒီကိစ္စတွေမှာ ပါနေတယ်” ဟု ပြောဆိုသည်။
အဆိုပါ သစ်ခိုးထုတ်မှု မြင့်မားနေသည့် အိန္ဒိယနယ်စပ် တမူးခရိုင်အတွင်း စစ်ကောင်စီ သြဇာခံ ပျူစောထီး အဖွဲ့၊ ကသည်းသူပုန်၊ ကူကီးလက်နက်ကိုင်၊ ရှမ်းနီလက်နက်ကိုင်အဖွဲ့များ အဓိက ဝင်ရောက်လှုပ်ရှားမှုများရှိရာ နယ်မြေပြဿ နာ အငြင်းပွားမှုကြောင့် ပြည်သူ့တော်လှန်ရေးအဖွဲ့များ အနေဖြင့် ဝင်ရောက် အခြေပြုနေထိုင်ရန် အခက်အခဲ ရှိသလို နယ်မြေစိုးမှုမှာလည်း မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကမှ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။
တမူးမြို့နယ်အတွင်းရှိ အိန္ဒိယနိုင်ငံသို့ ကုန်စည်ကူူးသန်း ရောင်းဝယ်ရန်အတွက် ဖွင့်လှစ်ထားရှိသည့် ဂိတ်အမှတ် (၁)၊ ဂိတ် အမှတ် (၂) မှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းကတည်းက တရားဝင် ပိတ်ထားသော်လည်း နယ်စပ်တလျှောက်လုံး နှစ်နိုင်ငံ နယ်စပ် ခြံစည်းရိုး ကာထားခြင်း မရှိသည့်အတွက် သစ်မှောင်ခိုးလုပ်ငန်းနှင့် မူူးယစ်ဆေးဝါး ရောင်းဝယ်မှုများသည် တွင်တွင်ကျယ်ကျယ် ဖြစ်ပေါ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း သစ်ခိုးထုတ်မှုများ မြင့်တက်နေပြီး တမူးမြို့နယ်တွင်သာမက ထီးချိုင့်မြို့နယ်တွင်လည်း သစ်ခိုးထုတ်မှုများ များလာသဖြင့် ဒေသခံ ကာကွယ်ရေးတပ် (PDF) က သတိပေး တားမြစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတွင် သစ်ခိုးထုတ်မှု များလာ၍ PDF က ပြန်ထိန်းနေရ
စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ