အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ဖမ်းဆီး၊ နှိပ်စက်မှုများကြောင့် ရရှိသည့် ထိခိုက်ဒဏ်ရာများအား လုံလောက် သည့် ဆေးကုသခွင့် မပေးဘဲ ထောင်အာဏာပိုင်များက ထိန်းချုပ်ကန့်သတ်မှုကြောင့် ဒဏ်ရာရသူများ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားအချို့က ထုတ်ဖော် ပြောကြားလိုက်သည်။
ယမန်နေ့က ထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသားများကိုယ်စား ပေးစာတစောင်တွင် အင်းစိန်ထောင်အတွင်း ဆေးကုသရန် လိုအပ်နေသူ အချို့၏ အခြေအနေများအား ဖော်ပြထားပြီး လုံလောက်သည့် ဆေးကုသခွင့်နှင့် ဆေးဝါး အထောက်အပံ့များ ကူညီပေးရန် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများအား တောင်းဆိုထားသည်။
အင်းစိန်ထောင်အတွင်း ရုတ်တရက် သွေးဆောင့်တက်ကာ လေတခြမ်း ဖြန်းသကဲ့သို့ ခံစားနေရသူတဦးက အပြင်ဆေးရုံ တွင် ကုသမှုခံယူရန် တင်ပြထားသော်လည်း ထောင်ဆေးရုံ၌ပင် စောင့်ကြည့်အနေအထားဖြင့် ထိထိရောက်ရောက် ကုသ မပေးသည့်အပြင် စစ်ကြေားရေးတွင် နှိပ်စက်ခံရသော ဒဏ်ရာများကြောင့် အာရုံကြော ထိခိုက်ကာ မကြာခဏ သတိလစ် နေသူ တဦးကိုလည်း လိုအပ်သော ဆေးကုသမှု မရှိသည့် အနေအထား ဖြစ်နေကြောင်း ၎င်းတို့က ပြောထားသည်။
အထူးသဖြင့် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြလူငယ်များအား စစ်ကားဖြင့်တိုက်ကာ အကြမ်းဖက် ဖမ်း ဆီးခံရစဉ် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် အာရုံကြောမျှင်များ ပြတ်တောက်သည့်ဒဏ်ဖြင့် ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်းများ ဖြစ်နေသူကိုလည်း ပြင်ပဆေးရုံတွင် ကုသခွင့်မပေးဘဲ ထောင်ဆေးရုံးတွင်သာ တက်ရောက်ခွင့် ရထားကြောင်း ဖော်ပြထားသည်။
“ကျနော်တို့ မျက်စိရှေ့မှာ ဖြစ်သွားတာမို့လို့သာ အခြေအနေ ဆိုးရွားတာကို သိရတာ။ ကျနော်တို့ မသိလိုက်၊ မမြင်လိုက်ဘဲ နဲ့ ဒီလိုအလားတူ ဖြစ်ရပ်တွေဟာ ဘယ်နှစ်ခုလောက် ရှိနေကြမလဲ။ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်နေတာက ထောင်အာဏာပိုင်နဲ့ လက်ရှိ စကစရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာတွေကို မီးမောင်းထိုးပြနေတဲ့ သက်သေတွေပါ” ဟု အင်းစိန်ထောင် အတွင်းမှ ပေးပို့လာသည့် စာထဲတွင် ဖော်ပြထားသည်။
အင်ဂျင်နီယာကျောင်းသူတဦးဖြစ်ပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးလည်းဖြစ်သူ မမြကြူကြူသင်းမှာ ပန်းပင်ကြီးလမ်းတွင် ကား ဖြင့်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ထပ်မံ ဝိုင်းဝန်းရိုက်နှက်ခြင်းခံရပြီး ဦးခေါင်း တွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်း၏ ရှေ့နေဖြစ်သူက “မြကြူကြူသင်းဆို အပြင်ဆေးရုံ ထွက်ချင်တယ်။ အဲဒါကလည်း အကြောင်းရှိတယ်။ ထောင်ဆေးရုံ က ကုသမှု ပေးနေတယ်။ အဲဒီမှာ သူက ခေါင်းထိထားတဲ့ကလေးမို့ CT Scan ရိုက်ချင်တယ်။ CT Scan က ထောင်ဆေးရုံ မှာ မရှိဘူး။ အပြင်ဆေးရုံမှာပဲ ရှိတယ်။ အဲဒီ အခွင့်အရေးကို သူက လိုချင်တယ်။ ဒါပေမဲ့ အဲဒါကို သူ မရရှိဘူး” ဟု ပြောသည်။
လတ်တလော ထောင်တွင်းဆေးရုံ၌ပင် ကုသနေရသည့် မမြကြူကြူသင်း အနေဖြင့် နှာခေါင်းသွေးယိုခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာများ ခံစားနေရပြီး ဓာတ်မှန်စစ်ဆေးချက်အရ ဦးခေါင်းထိပ်ရှိ အာရုံကြောများ ကြေမွနေသည်ကိုလည်း သိရ ကြောင်း ရှေ့နေဖြစ်သူက ဆိုသည်။
ထို့ပြင် မမြကြူကြူသင်းနှင့်အတူ ပန်းပင်ကြီးလမ်းတွင် စစ်ကောင်စီက ကားနှင့်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးခံရသည့် မမှူးရတနာမှာလည်း ဘယ်ခြေထောက်ဒဏ်ရာ ကျောက်ပတ်တီး စည်းထားရဆဲဖြစ်ပြီး ကြည့်မြင်တိုင်ရဲစခန်းအချုပ်တွင် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
အလားတူ ထားဝယ်အကျဉ်းထောင်တွင် ထောင် ၇ နှစ် ချမှတ်ခံထားရသည့် မခင်ကေခိုင်ဆိုသူမှာလည်း သည်းခြေနှင့် အစာအိမ်ဒဏ်ရာကြောင့် လုံလောက်သည့် ဆေးကုသမှုခံယူရန် လိုအပ်နေသော်လည်း ထောင်အတွင်းကျွေးသည့် အစား အစာနှင့် ထိရောက်မှုမရှိသော ဆေးဝါးများကြောင့် ဒဏ်ရာအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်း သားများကွန်ရက်က ပြောသည်။
၎င်းတို့က “ဒီအခြေအနေတွေက တော်တော်ဆိုးရွားတယ်။ သူတို့က အကြမ်းဖက်ပုဒ်မနဲ့ အဖမ်းခံထားရတယ်။ ဖမ်းဆီး ထားပြီဆိုတော့ သူတို့ကို ဆေးကုသပေးဖို့ အကျဉ်းသား အခွင့်အရေးတွေကို လိုက်နာပြီးတော့မှ လုပ်ပေးဖို့က အကျဉ်းထောင်မှာ တာဝန်ရှိတယ်။ အဲဒီလို မလုပ်ပေးဘဲနဲ့ ဒီအတိုင်း အကိုက်အခဲ ပျောက်ဆေးလေးပေးပြီးတော့ ထား တယ်။ အခြေအနေတွေ ဆိုးရွားလာရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်” ဟု ပြောဆိုသည်။
လူ့အခွင့်အရေးစံနှုန်းအရ အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ နိမ့်ပါးသည့် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် စစ်တပ် က အာဏာသိမ်းပြီးနောက် ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး နိုင်ငံရေးအကျဉ်းသား များအပေါ် ပစ်မှတ်ထားသည့် ညှဉ်းပန်းမှုများလည်း ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြောသည်။
အခြားသော ရှေ့နေတဦးကလည်း ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး “အခြေခံ ကျန်းမာရေး ကတော့ အများသိတဲ့အတိုင်းပဲ ဘာမှ ကျန်းမာရေး စောင့်ရှောက်ခွင့် မရှိဘူး။ ဘာပဲဖြစ်ဖြစ် ပါရာစီတမောလောက်ပဲ ရှိ တယ် ကြားသိရတယ်။ အခုဆို မနေ့က ရုံးထွက်တဲ့ ကလေးတွေကို ကိုဗစ်အခြေအနေ မေးကြည့်တဲ့အခါ ဒီရက်ပိုင်း ထောင် ထဲမှာ တော်တော်များများ ဖျားလာတာ တွေ့ရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ အရင်တိုင်းပဲ အပြည့်အဝ မရရှိ တာ အများစုပါပဲ။ အခြေခံကျန်းမာရေး၊ လူ့အခွင့်အရေးကတော့ ထောင်ထဲမှာ ဆုံးရှုံးနေဆဲပါပဲ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၀ ရက်က အသံတိတ်သပိတ်လှုပ်ရှားမှုတွင် အင်းစိန်ထောင်အတွင်းမှ ပါဝင်ခဲ့ကြသူ ၈၉ ဦး ကိုလည်း ထောင်အာဏာပိုင်များက သွေထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ညှဉ်းပန်းခဲ့ပြီး လုံလောက်သည့် ဆေးဝါး ကုသခွင့် မပေးဘဲ တိုက်ပိတ် ပြစ်ဒဏ်များပါ ချမှတ်ခဲ့သည်။
ယခုကဲ့သို့ အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်တင်းကျပ်မှုများမှာ စစ်တပ်အာဏာသိမ်း အပြီး မူလ အကျဉ်းထောင်အရာရှိများ နေရာတွင် စစ်တပ်အရာရှိများ အစားထိုး ခန့်အပ်ပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးနေသူတဦးက သုံးသပ်သည်။
၎င်းက “အဓိက ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကုသမှုအပိုင်း တော်တော်အားနည်းလာတာ တွေ့ရတယ်။ ဒါက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်နေသလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ နိုင်ငံရေးနဲ့ နွယ်တဲ့ပုဒ်မတွေနဲ့ လူတွေကြား ဆက်ဆံရေးကလည်း ပိုပြီး ဆိုးလာတာ တွေ့ရပါတယ်။ လိုအပ်တာထက်ပိုပြီး ထောင်စည်းကမ်းတွေ တင်း ကျပ်တာ၊ အထူးတရားရုံးတွေမှာ လွန်လွန်ကဲကဲ တင်းကျပ်တာတွေ လုပ်လာတာ တွေ့ရတယ်” ဟု ပြောသည်။
ယင်းသို့ ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကျန်းမာရေးအရ လုံလောက်သည့် ကုသမှုမပေးဘဲ ကန့်သတ် ထားသည့် အခြေအနေများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စောင့်ကြည့်လျက်ရှိရာ ပြီးခဲ့သည့်နှစ် စက်တင်ဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ထောင်တွင်းအကြမ်းဖက်နှိပ်စက်မှုနှင့် သတ်ဖြတ်မှု သက်သေအထောက် အထားများ ရရှိထားပြီး လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူများအား အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း NUG က ဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီ ၁၅ ရက်အထိ ကလေးငယ်များ အပါအဝင် သေဆုံးသူ ၁၅၅၇ ဦးအထိ ရှိပြီး ဖေဖော်ဝါရီ ၁၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၉၁၆၀ ဦးရှိကာ ၎င်းတို့အနက် ၇၁၁ ဦးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။
You may also like these stories:
အင်းစိန်ထောင်တွင်း ထောင်အစားအစာ ငြင်းဆန် သပိတ်မှောက်မှု ပြီးဆုံး
စစ်ကောင်စီလွတ်ငြိမ်း နိုင်/ကျဉ်းများမပါဘဲ ပြစ်မှုအကျဉ်သားများသာ လွှတ်ပေး