အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံတော့မည့် အချိန်တွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအကျပ်အတည်း ဖြေရှင်းရေးကို နောက်လာမည့် ဥက္ကဋ္ဌသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ ထိုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ၏ ကတိပျက်ကွက်မှုကိုသာ အဓိကထား ဆွေးနွေးဖွယ်ရှိသည်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်ပြီး တလခွဲအကြာတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်က မြန်မာစစ်ကောင်စီသည် အကျပ်အတည်း ပြေလည်ရေးကို တိုးတက်အောင် မလုပ်ဆောင်ကြောင်းနှင့် သူအာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည့် ကျန်ကာလ အတွင်းတွင်လည်း ထိုသို့ ပြေလည်မည် မဟုတ်ကြောင်း ပြောသည်။
“ကျနော်ဝင်ပါရင်လည်း ရှုတ်ချခံရမယ်။ ဝင်မပါလည်း ရှုတ်ချခံရမယ်။ အဲဒီတော့ ဒီအတိုင်းသာ ထားလိုက်တာ ကောင်းတယ်” ဟု ကမ္ဘောဒီးယား အာဏာရှင်က ဂျပန်သံအမတ် မီကာမီ မာစာဟီရို အပါအဝင် ခရာတိုင်ပြည်နယ် တံတားဖွင့်ပွဲ တက်ရောက်လာသည့် ဧည့်သည်တော်များကို ပြောသည်။
“သူတို့ မလုပ်ချင်ရင် ကျနော်တို့က ပူနေစရာ မလိုဘူး။ နွားတွေ ရှေ့က ခံနေတော့ လှည်းက ဘယ်လိုရှေ့ဆက် ရွေ့မလဲ” ဟုလည်း သူက ပြောသည်။
အာဆီယံအဖွဲ့ ဥက္ကဋ္ဌအဖြစ် သူတာဝန်ယူရမည့်အချိန်မှာ ၁၀ လနှင့် ၁၄ ရက်သာ ကျန်တော့ကြောင်း မစ္စတာ ဟွန်ဆန်က ပြောပြီး ထိုပြဿနာသည် ခက်ခဲသောကြောင့် နောက်လာမည့် အာဆီယံဥက္ကဋ္ဌက တာဝန်ယူလိမ့်မည်ဖြစ်ကြောင်းလည်း ပြောသည်။
မစ္စတာ ဟွန်ဆန်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြည်ပခေါင်းဆောင်အနေဖြင့် ဇန်နဝါရီလ ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ထိုခရီးစဉ်သည် စစ်ကောင်စီကို တရားဝင်စေမည်ကို စိုးရိမ်သောကြောင့် ကျယ်ပြန့်သော ဝေဖန်မှုများ ဖြစ်စေခဲ့သည်။ ယခင်နှစ်က အာဆီယံအတွင်း ရရှိထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် မစ္စတာ ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင်ကို ဗီဒီယိုဖြင့် ဆက်သွယ်တိုက်တွန်းပြီး ၂ ပတ် အကြာတွင် မြန်မာသို့ သွားရောက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချခဲ့သည့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာအကျပ်အတည်း ဖြေရှင်းရေးအတွက် ခေါ်ယူသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။
ထိုသဘောတူညီချက်အရ အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ စစ်ကောင်စီနှင့် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ တွေ့ဆုံဆွေးနွေးရန်နှင့် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးရန် အတွက် အာဆီယံ အထူးသံတမန် မြန်မာသို့ သွားရောက်ရန်တို့ စသည်တို့ ပါဝင်သည်။
မြန်မာနိုင်ငံသည် ထိုပြဿနာများတွင် မည်သည့် တိုးတက်မှုမျှမရဘဲ အာဏာသိမ်းမှုသာ တနှစ်ပြည့်သွားခဲ့သည်။ လွန်ခဲ့သောနှစ်အတွင်း စစ်ကောင်စီတပ်များသည် အရပ်သား ၉,၁၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁,၅၅၀ ကျော်ကိုလည်း သတ်ဖြတ်ထားသည်။ လူဦးရေ ၅၄ သန်းကျော်ရှိသော နိုင်ငံ၏ ဒေသအများစုတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လူ ၄ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာက ကိုယ်စားလှယ် စေလွှတ်မည် မဟုတ်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် ဟွန်ဆန်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ အာဆီယံက စစ်ကောင်စီ ဗိုလ်ချုပ်များကို ထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်း မပြုသည်ကိုလည်း စစ်ကောင်စီက ဝေဖန်သည်။ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန် ပျက်ကွက်သောကြောင့် အာဆီယံက စစ်ကောင်စီ အဆင့်မြင့် အရာရှိများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင် ပိတ်ပင်ထားသည်။
အပြောင်းအလဲ အလားအလာ
လွတ်လပ်သော အာရှအသံ (RFA) ခမာဘာသာဌာနနှင့် ပြောကြားရာတွင် ကမ္ဘောဒီးယား နိုင်ငံရေး သုံးသပ်သူ အမ် ဆိုဗန်နရီက မစ္စတာ ဟွန်ဆန်သည် မြန်မာ့အရေးကို ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့ကြောင်းနှင့် ထိုသို့ဖြစ်ရခြင်း အကြောင်းရင်းများအနက် တခုမှာ မြန်မာသို့ သွားရောက်စဉ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရခြင်း မရှိခဲ့သောကြောင့် ဖြစ်ကြောင်း ပြောသည်။
သို့သော် အာဆီယံ အထူးသံတမန်သည် ယခုနှစ်နှောင်းပိုင်းတွင် မြန်မာသို့ သွားရောက်မည် ဖြစ်သောကြောင့် အခြေအနေမှာ လုံးဝမျှော်လင့်ချက် ကင်းမဲ့နေခြင်း မဟုတ်ကြောင်းလည်း သူကပြောသည်။
“အခြေအနေက လုံးဝအကျပ်အတည်း ဖြစ်နေတာ မဟုတ်ဘူး။ ဒါကြောင့် တနည်းနည်းနဲ့ ပြန်လည်စတင်ဖို့ ကြိုးစားရမှာပဲ။ ဆက်ပြီး ကြိုးစားနေမယ်ဆိုရင် ဒီကိစ္စကို မလုပ်နိုင်ဘူးလို့ မပြောနိုင်သေးဘူး” ဟု သူက ပြောသည်။
စစ်ကောင်စီဘက်က တိုးတက်မှု မလုပ်မချင်း အာဆီယံကလည်း သဘောထားပြောင်းမည် မဟုတ်ကြောင်း စင်ကာပူ အခြေစိုက် အာဆီယံဆိုင်ရာ မြန်မာအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ပြောသည်။
“စစ်ကောင်စီ ကိုယ်စားလှယ်ကို မဖိတ်ဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်က မပြောင်းလဲနိုင်တဲ့ အခြေအနေကို ရောက်နေပြီ။ စစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ချက်ကို အလေးအနက် အပြည့်အဝ အကောင်အထည် မဖော်သရွေ့ ဒီသဘောထားကိုပဲ အာဆီယံက ဆက်လက် ထိန်းသိမ်းထားလိမ့်မယ်” ဟု သူက ပြောသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် မြန်မာနိုင်ငံ အခြေအနေ မတိုးတက်သေးသမျှ စစ်ကောင်စီကို ဆက်လက် ဖိအားပေးနေမည်ဟု မျှော်လင့်ကြောင့် တရုတ်အခြေစိုက် မြန်မာသုတေသီ ဒေါက်တာ လှကျော်ဇောက ပြောသည်။
“စစ်ကောင်စီက အရပ်သားတွေကို ဖိနှိပ်လေလေ၊ အာဆီယံနိုင်ငံတွေက ကင်းကင်းနေလေလေ ဖြစ်နေမှာပဲ။ သူတို့ ဘယ်လိုမှ ထောက်ခံရဲမှာ မဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ မြန်မာက မည်သည့်အတွက် မတက်ရောက်သည်ကို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်အား ဆက်သွယ် မေးမြန်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
အာဆီယံ၏ ဆုံးဖြတ်ချက်သည် နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားသည့် ပဋိညာဉ်၊ ကုလသမဂ္ဂ အခြေခံမူများနှင့် ဆန့်ကျင်နေကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။
ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည် မဖော်ပါက အာဆီယံသည် စစ်ကောင်စီကို အလျှော့ပေးမည့် အခြေအနေမရှိကြောင်း မြန်မာနိုင်ငံရေး သုတေသီ စိုင်းကြည်ဇင်စိုးက လွတ်လပ်သော အာရှအသံသို့ ပြောသည်။
“အာဆီယံအဖွဲ့ဝင်တွေက သူတို့ဟာ စစ်ကောင်စီကို အရှုံးပေးလိုက်ရင် ပြဿနာမပြေလည်ဘဲ မြန်မာပြည်သူတွေ ပိုမိုအကျပ်အတည်း ကျရောက်မယ်၊ ဒါမှမဟုတ် နိုင်ငံတွင်းက နိုင်ငံရေးသမားတွေ အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေ ဖြစ်စေပြီး စစ်ကောင်စီ အာဏာပိုမို ရှည်ကြာသွားမယ်လို့ ထင်နေတာဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
ကိုးကား။ ။ RFA
You may also like these stories:
ဒီမိုကရေစီညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက် မြန်မာရောက်
နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို
ASEAN အထူးသံတမန်နှင့် NLD ပါတီဝင်များ တွေ့နိုင်ကြောင်း စစ်ခေါင်းဆောင်ပြော
အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း