အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အစိုးရလက်ထက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဌ ဦးလှသိန်း အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့ သုံးဦးအား အာမခံမပေးလိုသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မဖြင့်ပါ ထပ်မံ တရားစွဲထားကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသည့် ၎င်းတို့သုံးဦးအား ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုပြီးနောက် ခံဝန်ချုပ်ဖြစ်သည့် ရာဇဝတ်ကျင်းထုံးဥပဒေပုဒ်မ ၁၀၇ ဖြင့်ပါ ထပ်မံတရားစွဲထားခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က သည် အာမခံပေးနိုင်သည့် ပုဒ်မတခုဖြစ်ပြီး အခြားသော တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အရပ်သားကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ယင်း ပုဒ်မ ၁၃၀-က ဖြင့်ပင် တရားစွဲဆိုရာ၌လည်း အာမခံဖြင့် အချုပ်လွတ်ရင်ဆိုင်ခဲ့ရပြီး ဒဏ်ငွေတသောင်းကျပ်စီသာ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ရှေ့နေတဦးက “ ရာဇသတ်ကြီးပုဒ်မ ၁၀၃-က ဆိုတာက အာမခံပေးလို့ရတယ်၊ ဒါကိုအာမခံမပေးချင်လို့ ခံဝန်ချုပ် ကျင့်ထုံးပုဒ်မ ၁၀၇ နဲ့ တရားထပ်စွဲတဲ့သဘောပဲ၊ ဒီလိုတရားစွဲတာ ရှေ့နေလုပ်သက်အတွင်း တခါမှမကြားဖူးဘူး” ဟု ပြောသည်။
ယင်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဝန်ကြီးချုပ်များ အပေါ်တွင် လည်း ရွေးကောက်ပွဲအပေါ် ဩဇာလွှမ်းမိုး အသုံးချခဲ့သည်ဟု စွပ်စွဲကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဖြင့်ပင် တရားစွဲဆိုထားပြီး ၎င်းတို့အနက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ၎င်းပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားသည်။
ယခုကဲ့သို့ ဦးလှသိန်းအပါအဝင် သုံးဦးအား တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ယနေ့တွင် နေပြည်တော်အချုပ်ထောင် အတွင်း ရုံးထုတ်ခဲ့သော်လည်း သက်သေလာရောက်ခြင်းမရှိ သည့်အတွက် စစ်ဆေးနိုင်ခဲ့ခြင်းမရှိကြောင်းလည်း တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းတွင် နေပြည်တော် အချုပ်ထောင်သို့ ပြောင်းရွေ့ချုပ်နှောင်ခံထားရခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲကာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီဩဇာခံ ဦးသိန်းစိုး ဦးဆောင်သည့် UEC က တရားစွဲဆိုနေသည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က တွင် “ ပြစ်ဒဏ်(သို့) ပြစ် ဒဏ်ချမှတ်ရန် အခြားနည်းလမ်းဥပဒေ အတိအလင်းပြဌာန်းထားခြင်းမရှိသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈( နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ)ပါ ပုဒ်မအချို့နှင့် တည်ဆဲဥပဒေပါ ပြဌာန်းတားမြစ်ထားသော ပြုလုပ်မှုအား တမင်ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊ ပြဌာန်းချက်အရ ပြုလုပ်ရန်လိုအပ်သော ပြုလုပ်မှုအား တမင်ချန် လှပ်ခြင်းဖြင့်လည်းကောင်း၊ ပြဌာန်းချက်အား လျှော်ကန်သင့်မြန်သော ခွင့်လွှတ်ချက်မရှိဘဲ ဆန့်ကျင်ခြင်းပြုလျှင် ထိုသူကို ၃ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်”ဟု ပြဌာန်း ထားသည်။
You may also like these stories:
မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ